ရှင်​မဿဲ​ခ​ရစ်​ဝင် 27 Myanmar Standard Bible (MSB)

ယေ​ရှု​ကို ပိ​လတ်​မင်း​ထံ​ခေါ်​ဆောင်​သွား​ကြ​ခြင်း

1. မိုး​လင်း​ချိန်​ရောက်​သော​အ​ခါ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ​နှင့် လူ​ထု​ထဲ​မှ​သက်​ကြီး​ဝါ​ကြီး​အား​လုံး​တို့​သည် ယေ​ရှု​ကို​သေ​ဒဏ်​ချ​မှတ်​နိုင်​ရန် တိုင်​ပင်​ဆွေး​နွေး​ကြ​၏။

2. ထို့​နောက် ကိုယ်​တော်​ကို​ချည်​နှောင်​လျက် ခေါ်​ဆောင်​သွား​ကာ ဘု​ရင်​ခံ​ပိ​လတ်​မင်း​ထံ အပ်​နှံ​ကြ​၏။

ယု​ဒ​သည် မိ​မိ​ကိုယ်​ကို​အ​ဆုံး​စီ​ရင်​ခြင်း

3. ကိုယ်​တော်​ကို​အပ်​နှံ​သော​ယု​ဒ​သည် ကိုယ်​တော်​ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ခံ​ရ​ကြောင်း​တွေ့​မြင်​လျှင် စိတ်​မ​ကောင်း​ဖြစ်​ကာ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ​နှင့် သက်​ကြီး​ဝါ​ကြီး​များ​ထံ ငွေဒင်္ဂါး​သုံး​ဆယ်​ကို​ပြန်​ပေး​လျက်

4. “အ​ကျွန်ုပ်​သည် အ​ပြစ်​ကင်း​သော​သူ​၏​သွေး​ကို​အပ်​နှံ​ပြီး အ​ပြစ်​ပြု​မိ​ပါ​ပြီ”​ဟု ဆို​၏။ သို့​သော် ထို​သူ​တို့​က “ငါ​တို့​နှင့် မည်​သို့​ဆိုင်​သ​နည်း။ ကိုယ့်​အ​မှု​ကို ကိုယ်​ဖြေ​ရှင်း​လော့”​ဟု ဆို​ကြ​၏။

5. ထို​အ​ခါ သူ​သည် ထို​ငွေ​ကို ဗိ​မာန်​တော်​ထဲ​၌​ပစ်​ချ​ပြီး ထွက်​သွား​လေ​၏။ ထို့​နောက် အ​ခြား​သို့​သွား​၍ ကြိုး​ဆွဲ​ချ​သေ​လေ​၏။

6. ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​တို့​သည် ထို​ငွေ​များ​ကို​ယူ​၍ “သွေး​ဖိုး​ငွေ​ဖြစ်​သော​ကြောင့် ဘဏ္ဍာ​တိုက်​ထဲ​သို့​မ​သွင်း​အပ်”​ဟု ဆို​လျက်

7. တိုင်​ပင်​ဆွေး​နွေး​ကြ​ပြီး​မှ သူ​စိမ်း​ဧည့်​သည်​တို့​၏​သင်္ချိုင်း​အ​တွက် အိုး​ထိန်း​သည်​၏​မြေ​ယာ​ကို ထို​ငွေ​ဖြင့်​ဝယ်​ယူ​ကြ​၏။

8. ထို့​ကြောင့် ထို​မြေ​ယာ​ကို ယ​နေ့​တိုင်​အောင် သွေး​မြေ​ဟု​ခေါ်​တွင်​ကြ​၏။

9-10. ထို​အ​ခါ “သူ​တို့​သည် တန်​ဖိုး​ဖြတ်​ခြင်း​ခံ​ရ​သော​သူ​၏​အ​ဖိုး​ငွေ​တည်း​ဟူ​သော အစ္စ​ရေး​အ​မျိုး​သား​တို့​တန်​ဖိုး​ဖြတ်​ထား​သည့် ငွေဒင်္ဂါး​သုံး​ဆယ်​ကို​ယူ​၍ အ​ကျွန်ုပ်​အား ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း အိုး​ထိန်း​သည်​၏​မြေ​ယာ​အ​တွက် ထို​ငွေ​တို့​ကို​ပေး​ကြ​၏”​ဟု ပ​ရော​ဖက်​ယေ​ရ​မိ​အား​ဖြင့် မိန့်​တော်​မူ​ခဲ့​သော​အ​ရာ​သည် ပြည့်​စုံ​ခြင်း​သို့​ရောက်​လေ​၏။

ဘု​ရင်​ခံ​ထံ​ရောက်​ရှိ​တော်​မူ​ခြင်း

11. ယေ​ရှု​သည် ဘု​ရင်​ခံ​ရှေ့​၌ ရပ်​တော်​မူ​ရာ ဘု​ရင်​ခံ​က “သင်​သည် ဂျူး​လူ​မျိုး​တို့​၏​ဘု​ရင်​လော”​ဟု မေး​လေ​၏။ ယေ​ရှု​က​လည်း “သင်​ပြော​သည့်​အ​တိုင်း​ပေ​တည်း”​ဟု မိန့်​တော်​မူ​၏။

12. သို့​သော် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ​နှင့် သက်​ကြီး​ဝါ​ကြီး​တို့​၏​စွပ်​စွဲ​ခြင်း​ကို​ခံ​ရ​သော​အ​ခါ ကိုယ်​တော်​သည် တစ်​စုံ​တစ်​ခု​ကို​မျှ ပြန်​၍​ဖြေ​တော်​မ​မူ။

13. ထို​အ​ခါ ပိ​လတ်​မင်း​သည် ကိုယ်​တော်​အား “သူ​တို့​သည် သင့်​တစ်​ဖက်​၌ မည်​မျှ​လောက်​သက်​သေ​ခံ​ကြ​သည်​ကို သင်​မ​ကြား​သ​လော”​ဟု ဆို​၏။

14. သို့​သော် ကိုယ်​တော်​သည် စ​ကား​တစ်​ခွန်း​ကို​မျှ ပြန်​၍​မိန့်​တော်​မ​မူ​ဘဲ​နေ​သ​ဖြင့် ဘု​ရင်​ခံ​သည် အ​လွန်​အံ့​ဩ​လေ​၏။

ယေ​ရှု​လော၊ ဗာ​ရဗ္ဗ​လော

15. ဘု​ရင်​ခံ​သည် ထို​ပွဲ​တော်​တွင် လူ​ထု​အ​တွက် သူ​တို့​အ​လို​ရှိ​သည့်​အ​ကျဉ်း​သား​တစ်​ဦး​ကို လွှတ်​ပေး​လေ့​ရှိ​၏။

16. ထို​အ​ချိန်​တွင် ဗာ​ရဗ္ဗ​ဟု​ခေါ်​သည့် ထင်​ပေါ်​ကျော်​ကြား​သော အ​ကျဉ်း​သား​တစ်​ယောက်​ရှိ​၏။

17. သို့​ဖြစ်​၍ လူ​တို့​စု​ဝေး​ကြ​သော​အ​ခါ ပိ​လတ်​မင်း​က “သင်​တို့​အ​တွက် မည်​သူ့​ကို​လွှတ်​ပေး​စေ​လို​သ​နည်း။ ဗာ​ရဗ္ဗ​လော သို့​မ​ဟုတ် ခ​ရစ်​တော်​ဟု​ခေါ်​သော ယေ​ရှု​လော”​ဟု သူ​တို့​အား​မေး​လေ​၏။

18. ထို​သို့​မေး​ခြင်း​မှာ သူ​တို့​သည် မ​လို​မုန်း​ထား​စိတ်​ဖြင့် ယေ​ရှု​ကို​အပ်​နှံ​ကြ​ကြောင်း ပိ​လတ်​မင်း​သိ​သော​ကြောင့်​ဖြစ်​၏။

19. ပိ​လတ်​မင်း​သည် တ​ရား​ပလ္လင်​ပေါ်​၌ ထိုင်​နေ​စဉ် သူ​၏​ဇ​နီး​သည်​သည် သူ့​ထံ​သို့​လူ​လွှတ်​၍ “သင်​သည် ထို​ဖြောင့်​မတ်​သော​သူ​နှင့် မည်​သို့​မျှ မ​ပတ်​သက်​စေ​ပါ​နှင့်။ အ​ကြောင်း​မူ​ကား ထို​သူ​ကြောင့် ယ​နေ့ ကျွန်​မ​သည် အိပ်​မက်​ထဲ​၌ စိတ်​ဒုက္ခ​များ​စွာ​ရောက်​ရ​ပါ​၏”​ဟု မှာ​လိုက်​လေ​၏။

20. ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ​နှင့် သက်​ကြီး​ဝါ​ကြီး​တို့​သည် လူ​ထု​ပ​ရိ​သတ်​အား ဗာ​ရဗ္ဗ​ကို​တောင်း​၍ ယေ​ရှု​ကို​မူ​ကား အ​ဆုံး​စီ​ရင်​စေ​ရန် စည်း​ရုံး​ကြ​၏။

21. တစ်​ဖန် ဘု​ရင်​ခံ​က “ဤ​သူ​နှစ်​ယောက်​တို့​တွင် သင်​တို့​အ​တွက် မည်​သူ့​ကို​လွှတ်​ပေး​စေ​လို​သ​နည်း”​ဟု မေး​သော​အ​ခါ သူ​တို့​က “ဗာ​ရဗ္ဗ”​ဟု ဆို​ကြ​၏။

22. ပိ​လတ်​မင်း​က “သို့​ဖြစ်​လျှင် ခ​ရစ်​တော်​ဟု​ခေါ်​သော​ယေ​ရှု​ကို မည်​သို့​ပြု​ရ​မည်​နည်း”​ဟု မေး​ပြန်​သော် သူ​တို့​အား​လုံး​က “လက်​ဝါး​ကပ်​တိုင်​ပေါ်​၌​တင်​လိုက်​ပါ”​ဟု ဆို​ကြ​၏။

23. ပိ​လတ်​မင်း​က​လည်း “အ​ဘယ်​ကြောင့်​နည်း။ သူ​သည် မည်​သည့်​မ​ကောင်း​မှု​ကို​ပြု​ခဲ့​သ​နည်း”​ဟု ပြန်​မေး​သော်​လည်း သူ​တို့​က “သူ့​ကို​လက်​ဝါး​ကပ်​တိုင်​ပေါ်​၌​တင်​လိုက်​ပါ”​ဟု ပို​၍​အော်​ဟစ်​ကြ​၏။

24. ထို​အ​ခါ ပိ​လတ်​မင်း​သည် မည်​သည့်​အ​ကျိုး​မျှ​မ​ရှိ​ဘဲ ရုန်း​ရင်း​ဆန်​ခတ်​သာ​ဖြစ်​လာ​သည်​ကို​မြင်​၍ လူ​ထု​ပ​ရိ​သတ်​ရှေ့​တွင် ရေ​ကို​ယူ​ပြီး လက်​ကို​ဆေး​ကာ “ဤ​သူ​၏​သွေး​နှင့် ငါ​ကင်း​ရှင်း​၏။ သင်​တို့​အ​မှု​ကို သင်​တို့​ဖြေ​ရှင်း​ရ​မည်”​ဟု ဆို​၏။

25. လူ​အ​ပေါင်း​တို့​က​လည်း “သူ​၏​သွေး​သည် ငါ​တို့​နှင့်​ငါ​တို့​၏​သား​သ​မီး​များ​အ​ပေါ် ကျ​ရောက်​ပါ​စေ”​ဟု ပြန်​ပြော​ကြ​၏။

26. ထို​အ​ခါ ပိ​လတ်​မင်း​သည် သူ​တို့​အ​တွက် ဗာ​ရဗ္ဗ​ကို​လွှတ်​ပေး​လေ​၏။ ယေ​ရှု​ကို​မူ​ကား ကျာ​ပွတ်​ဖြင့်​ရိုက်​နှက်​စေ​ပြီး​နောက် လက်​ဝါး​ကပ်​တိုင်​ပေါ်​၌​တင်​ရန် အပ်​နှံ​လိုက်​လေ​၏။

ယေ​ရှု​ကို​ပြောင်​လှောင်​ကြ​ခြင်း

27. ထို့​နောက် ဘု​ရင်​ခံ​၏​စစ်​သား​များ​သည် ယေ​ရှု​ကို ရုံး​တော်​အ​တွင်း​သို့​ခေါ်​ဆောင်​သွား​၍ တပ်​ဖွဲ့​တစ်​ဖွဲ့​လုံး​ကို ကိုယ်​တော်​ထံ​စု​ဝေး​စေ​ကာ

28. ကိုယ်​တော်​၏​အ​ဝတ်​ကို​ချွတ်​ပြီး နီ​မြန်း​သော​ဝတ်​လုံ​ကို ကိုယ်​တော်​အား​ခြုံ​စေ​ကြ​၏။

29. ဆူး​ပင်​ကို​လည်း​သ​ရ​ဖူ​အ​ဖြစ်​ရစ်​ခွေ​ပြီး ကိုယ်​တော်​၏​ဦး​ခေါင်း​ပေါ်​၌ ဆောင်း​စေ​၍ ကျူ​ရိုး​တစ်​ချောင်း​ကို လက်​ယာ​လက်​ဖြင့် ကိုင်​စေ​ပြီး​လျှင် ကိုယ်​တော်​၏​ရှေ့​၌​ဒူး​ထောက်​လျက် “ဂျူး​လူ​မျိုး​တို့​၏​ဘု​ရင်၊ မင်္ဂ​လာ​ရှိ​ပါ​စေ​သော”​ဟု ပြောင်​လှောင်​ပြော​ဆို​ကြ​၏။

30. ထို့​နောက် ကိုယ်​တော်​ကို တံ​တွေး​နှင့်​ထွေး​၍ ကျူ​ရိုး​ကို​ယူ​ပြီး​လျှင် ကိုယ်​တော်​၏​ဦး​ခေါင်း​ကို​ရိုက်​ကြ​၏။

31. ထို​သို့ ကိုယ်​တော်​ကို ပြောင်​လှောင်​ကြ​ပြီး​နောက် နီ​မြန်း​သော​ဝတ်​လုံ​ကို​ချွတ်​၍ ကိုယ်​တော်​၏​အ​ဝတ်​ကို ပြန်​ဝတ်​စေ​ပြီး​လျှင် လက်​ဝါး​ကပ်​တိုင်​ပေါ်​၌​တင်​ရန် ကိုယ်​တော်​ကို​ခေါ်​ဆောင်​သွား​ကြ​၏။

လက်​ဝါး​ကပ်​တိုင်​ပေါ်​၌​တင်​ထား​ခြင်း

32. သူ​တို့​ထွက်​သွား​ကြ​စဉ် ရှိ​မုန်​အ​မည်​ရှိ​သော ကု​ရေ​နေ​မြို့​သား​တစ်​ဦး​ကို​တွေ့​သ​ဖြင့် ကိုယ်​တော်​၏​လက်​ဝါး​ကပ်​တိုင်​ကို သူ့​အား အ​တင်း​အ​ကျပ်​ထမ်း​စေ​ကြ​၏။

33. ဤ​သို့​ဖြင့် ဦး​ခေါင်း​ခွံ​အ​ရပ်​ဟု​ခေါ်​ဝေါ်​သော ဂေါ​လ​ဂေါ​သ​အ​မည်​တွင်​သည့်​အ​ရပ်​သို့ ရောက်​ကြ​လျှင်

34. သူ​တို့​သည် ကိုယ်​တော်​အား ဆေး​ခါး​နှင့်​ရော​ထား​သော​စ​ပျစ်​ဝိုင်​ကို တိုက်​ကြ​၏။ ကိုယ်​တော်​သည် မြည်း​စမ်း​၍ သောက်​လို​သော​စိတ်​ရှိ​တော်​မ​မူ​ချေ။

35. ထို​အ​ခါ သူ​တို့​သည် ကိုယ်​တော်​ကို လက်​ဝါး​ကပ်​တိုင်​ပေါ်​၌​တင်​ကြ​ပြီး ကိုယ်​တော်​၏​အ​ဝတ်​တော်​များ​ကို မဲ​ချ​၍ ခွဲ​ဝေ​ကြ​၏။

36. ထို့​နောက် ထို​နေ​ရာ​၌ ထိုင်​လျက် ကိုယ်​တော်​ကို စောင့်​ကြည့်​ကြ​၏။

37. ကိုယ်​တော်​၏​ဦး​ခေါင်း​တော်​အ​ထက်​၌​ကား “ဤ​သူ​သည် ဂျူး​လူ​မျိုး​တို့​၏​ဘု​ရင် ယေ​ရှု​ဖြစ်​၏”​ဟု ရေး​ထား​သည့် ကိုယ်​တော်​အ​ပေါ်​တင်​သော​စွဲ​ချက်​ကို တပ်​ထား​ကြ​၏။

38. ဓား​ပြ​နှစ်​ယောက်​တို့​ကို​လည်း ကိုယ်​တော်​နှင့်​အ​တူ လက်​ယာ​တော်​ဘက်​တွင်​တစ်​ယောက်၊ လက်​ဝဲ​တော်​ဘက်​တွင်​တစ်​ယောက် လက်​ဝါး​ကပ်​တိုင်​ပေါ်​၌​တင်​ကြ​၏။

39. ဖြတ်​သန်း​သွား​လာ​သော​သူ​တို့​သည် မိ​မိ​တို့​ခေါင်း​ကို​ခါ​ယမ်း​လျက်

40. “ဗိ​မာန်​တော်​ကို​ဖြို​ဖျက်​၍ သုံး​ရက်​အ​တွင်း​တည်​ဆောက်​မည့်​သူ၊ သင်​သည် ဘု​ရား​သ​ခင်​၏​သား​တော်​မှန်​လျှင် သင့်​ကိုယ်​သင်​ကယ်​တင်​ပြီး လက်​ဝါး​ကပ်​တိုင်​ပေါ်​မှ​ဆင်း​လာ​ခဲ့​လော့”​ဟု စော်​ကား​ပြော​ဆို​ကြ​၏။

41. ထို​နည်း​တူ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ​သည်​လည်း ကျမ်း​ပြု​ဆ​ရာ​များ၊ သက်​ကြီး​ဝါ​ကြီး​များ​နှင့်​အ​တူ ကိုယ်​တော်​ကို ပြောင်​လှောင်​ကြ​၍

42. “သူ​သည် သူ​တစ်​ပါး​တို့​ကို​ကယ်​တင်​ခဲ့​သော်​လည်း မိ​မိ​ကိုယ်​ကို​မ​ကယ်​တင်​နိုင်​ပါ​တ​ကား။ အစ္စ​ရေး​ဘု​ရင်​ဖြစ်​လျှင် ယ​ခု​ပင် လက်​ဝါး​ကပ်​တိုင်​ပေါ်​မှ​ဆင်း​လာ​ပါ​စေ။ ထို​အ​ခါ ငါ​တို့​သည် သူ့​ကို​ယုံ​ကြည်​မည်။

43. သူ​သည် ဘု​ရား​သ​ခင်​ကို​ယုံ​ကြည်​ကိုး​စား​ခဲ့​၏။ ဘု​ရား​သ​ခင်​အ​လို​တော်​ရှိ​လျှင် ယ​ခု​ပင် သူ့​ကို​ကယ်​နုတ်​ပါ​စေ။ အ​ကြောင်း​မူ​ကား ‘ငါ​သည် ဘု​ရား​သ​ခင်​၏​သား​တော်​ဖြစ်​သည်’​ဟူ​၍ သူ​ပြော​ခဲ့​၏”​ဟု ဆို​ကြ​၏။

44. ကိုယ်​တော်​နှင့်​အ​တူ လက်​ဝါး​ကပ်​တိုင်​ပေါ်​၌​တင်​ထား​ခြင်း​ခံ​ရ​သော ဓား​ပြ​တို့​သည်​လည်း ကိုယ်​တော်​ကို ထို​နည်း​တူ​ကဲ့​ရဲ့​ပြစ်​တင်​ကြ​၏။

အ​သက်​ချုပ်​ငြိမ်း​တော်​မူ​ခြင်း

45. မွန်း​တည့်​ချိန်​မှ​စ​၍ မွန်း​လွဲ​သုံး​နာ​ရီ​တိုင်​အောင် မြေ​တစ်​ပြင်​လုံး​၌ အ​မှောင်​ကျ​ရောက်​လေ​၏။

46. မွန်း​လွဲ​သုံး​နာ​ရီ​ခန့်​တွင် ယေ​ရှု​သည် ကျယ်​လောင်​သော​အ​သံ​ဖြင့် “ဧ​လိ၊ ဧ​လိ၊ လာ​မာ ရှာ​ဗ​ခ​သာ​နိ”​ဟု အော်​ဟစ်​တော်​မူ​၏။ ၎င်း​၏​အ​ဓိပ္ပာယ်​မှာ “အ​ကျွန်ုပ်​၏​ဘု​ရား၊ အ​ကျွန်ုပ်​၏​ဘု​ရား၊ အ​ကျွန်ုပ်​ကို အ​ဘယ်​ကြောင့်​စွန့်​ပစ်​တော်​မူ​သ​နည်း”​ဟူ​၍ ဖြစ်​၏။

47. ထို​အ​ရပ်​၌ ရပ်​နေ​သော​သူ​အ​ချို့​တို့​သည်​ကြား​လျှင် “ဤ​သူ​သည် ဧ​လိ​ယ​ကို​ခေါ်​နေ​သည်”​ဟု ဆို​ကြ​၏။

48. ထို​အ​ခါ သူ​တို့​အ​ထဲ​မှ တစ်​ယောက်​သည် ချက်​ချင်း​ပြေး​သွား​၍ ရေ​မြှုပ်​ကို​ယူ​ကာ ဝိုင်​ချဉ်​နှင့်​ပြည့်​စေ​ပြီး​လျှင် ၎င်း​ကို​ကျူ​ရိုး​ပေါ်​တပ်​လျက် ကိုယ်​တော်​အား​သောက်​စေ​၏။

49. သို့​သော် အ​ခြား​သော​သူ​တို့​က “ရှိ​ပါ​လေ​စေ။ ဧ​လိ​ယ​သည် သူ့​ကို​ကယ်​တင်​ရန် လာ​မည်​မ​လာ​မည်​ကို ငါ​တို့ ကြည့်​ကြ​စို့”​ဟု ဆို​ကြ​၏။

50. ထို့​နောက် ယေ​ရှု​သည် နောက်​တစ်​ဖန် ကျယ်​လောင်​သော​အ​သံ​ဖြင့်​ကြွေး​ကြော်​ပြီး​လျှင် အ​သက်​ကို​စွန့်​တော်​မူ​၏။

51. ထို​အ​ခါ ဗိ​မာန်​တော်​ကန့်​လန့်​ကာ​သည်​အ​ထက်​စွန်း​မှ အောက်​စွန်း​တိုင်​အောင် နှစ်​ခြမ်း​ကွဲ​သွား​လေ​၏။ မြေ​ကြီး​သည်​လှုပ်​၍ ကျောက်​များ​သည် အက်​ကွဲ​လေ​၏။

52. သင်္ချိုင်း​ဂူ​များ​လည်း​ပွင့်​သ​ဖြင့် အိပ်​ပျော်​ကြ​ပြီ​ဖြစ်​သော​သန့်​ရှင်း​သူ​များ​စွာ​တို့​၏​ကိုယ်​ခန္ဓာ​သည် ထ​မြောက်​ကြ​၏။

53. ယေ​ရှု​ထ​မြောက်​တော်​မူ​ပြီး​နောက် သူ​တို့​သည် သင်္ချိုင်း​ဂူ​များ​မှ​ထွက်​လာ​၍ သန့်​ရှင်း​သော​မြို့​တော်​သို့​ဝင်​ကာ များ​စွာ​သော​သူ​တို့​ထံ ထင်​ရှား​ကြ​၏။

54. တပ်​မှူး​မှ​စ​၍ သူ​နှင့်​အ​တူ ယေ​ရှု​ကို​စောင့်​ကြည့်​နေ​သော​သူ​တို့​သည် င​လျင်​လှုပ်​ခြင်း​နှင့် ဖြစ်​ပျက်​သော​အ​ရာ​များ​ကို​တွေ့​မြင်​ကြ​သော​အ​ခါ အ​လွန်​ကြောက်​ရွံ့​လျက် “ဤ​သူ​သည် အ​မှန်​ပင် ဘု​ရား​သ​ခင်​၏​သား​တော်​ဖြစ်​သည်”​ဟု ဆို​ကြ​၏။

55. ယေ​ရှု​ကို​လုပ်​ကျွေး​ပြု​စု​လျက် ဂါ​လိ​လဲ​နယ်​မှ နောက်​တော်​သို့​လိုက်​လာ​သည့် များ​စွာ​သော​အ​မျိုး​သ​မီး​တို့​သည်​လည်း ထို​နေ​ရာ​၌​ရှိ​၍ အ​ဝေး​မှ​ကြည့်​နေ​ကြ​၏။

56. သူ​တို့​အ​ထဲ​တွင် မာ​ဂ​ဒ​လ​မြို့​သူ​မာ​ရိ၊ ယာ​ကုပ်​နှင့်​ယော​သပ်​တို့​၏​မိ​ခင်​ဖြစ်​သော​မာ​ရိ​နှင့် ဇေ​ဗေ​ဒဲ​၏​သား​များ​၏​မိ​ခင်​တို့​ပါ​၏။

ယေ​ရှု​ကိုသင်္ဂြိုဟ်​ခြင်း

57. ည​နေ​ချမ်း​အ​ချိန်​ရောက်​သော​အ​ခါ အ​ရိ​မ​သဲ​မြို့​မှ သူ​ဌေး​ဖြစ်​ပြီး ယေ​ရှု​၏​တ​ပည့်​တော်​လည်း​ဖြစ်​သော ယော​သပ်​အ​မည်​ရှိ​သူ​တစ်​ဦး​သည် ရောက်​လာ​၏။

58. သူ​သည် ပိ​လတ်​မင်း​ထံ​သို့​သွား​၍ ယေ​ရှု​၏​အ​လောင်း​တော်​ကို တောင်း​လေ​၏။ ထို​အ​ခါ ပိ​လတ်​မင်း​သည် အ​လောင်း​တော်​ကို​ပေး​လိုက်​ရန် အ​မိန့်​ပေး​၏။

59. ယော​သပ်​သည် အ​လောင်း​တော်​ကို​ယူ​၍ ဖြူ​စင်​သော​ပိတ်​ချော​ဖြင့် ပတ်​ရစ်​ပြီး​လျှင်

60. ကျောက်​ဆောင်​၌​ထွင်း​ထား​သော မိ​မိ​ပိုင်​ဆိုင်​သည့် သင်္ချိုင်း​ဂူ​သစ်​ထဲ​တွင် သွင်း​ထား​လေ​၏။ ထို့​နောက် ကြီး​မား​သော​ကျောက်​တုံး​ကို ဂူ​ဝ​သို့​လှိမ့်​ထား​ပြီး​မှ ပြန်​သွား​လေ​၏။

61. မာ​ဂ​ဒ​လ​မြို့​သူ​မာ​ရိ​နှင့် အ​ခြား​သော​မာ​ရိ​တို့​သည်​လည်း ထို​နေ​ရာ​၌​ရှိ​လျက် သင်္ချိုင်း​တော်​ရှေ့​တွင်​ထိုင်​နေ​ကြ​၏။

သင်္ချိုင်း​ဂူ​ကို​စောင့်​ကြပ်​ကြ​ခြင်း

62. ပြင်​ဆင်​ရာ​နေ့​အ​လွန် နောက်​တစ်​နေ့​တွင် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ​နှင့် ဖာ​ရိ​ရှဲ​တို့​သည် ပိ​လတ်​မင်း​ထံ​စု​ဝေး​ကြ​လျက်

63. “အ​ရှင်၊ ထို​လှည့်​ဖြား​သော​သူ​အ​သက်​ရှင်​စဉ်​က ‘ငါ​သည် သုံး​ရက်​ကြာ​လျှင် ထ​မြောက်​မည်’​ဟု ပြော​ဆို​ခဲ့​သည်​ကို အ​ကျွန်ုပ်​တို့ မှတ်​မိ​ပါ​သည်။

64. ထို့​ကြောင့် သုံး​ရက်​မြောက်​သော​နေ့​တိုင်​အောင် သင်္ချိုင်း​ဂူ​ကို စောင့်​ကြပ်​ထား​ရန် အ​မိန့်​ပေး​ပါ။ သို့​မ​ဟုတ်​လျှင် သူ​၏​တ​ပည့်​တို့​သည်​လာ​၍ အ​လောင်း​ကို​ခိုး​ယူ​ကာ ‘သူ​သည် သေ​သော​သူ​တို့​ထဲ​မှ ထ​မြောက်​ပြီ’​ဟု လူ​တို့​အား​ပြော​ကြ​လိမ့်​မည်။ ထို​အ​ခါ နောက်​လှည့်​ဖြား​မှု​သည် ယ​ခင်​လှည့်​ဖြား​မှု​ထက် ပို​၍​ဆိုး​ပါ​လိမ့်​မည်”​ဟု လျှောက်​ထား​ကြ​၏။

65. ပိ​လတ်​မင်း​က​လည်း “သင်​တို့​၌ အ​စောင့်​တပ်​သား​ရှိ​သည်​မ​ဟုတ်​လော။ သွား​၍ သင်​တို့​တတ်​နိုင်​သ​မျှ​လုံ​ခြုံ​အောင် စောင့်​ကြပ်​စေ​ကြ​လော့”​ဟု ဆို​လေ​၏။

66. ထို​အ​ခါ သူ​တို့​သည် သွား​၍ ကျောက်​တုံး​ကို​တံ​ဆိပ်​ခတ်​ကာ အ​စောင့်​တပ်​သား​ကို​ချ​ထား​လျက် သင်္ချိုင်း​ဂူ​ကို​စောင့်​ကြပ်​စေ​ကြ​၏။