သက်​သာ​လော​နိတ်​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 3 Myanmar Standard Bible (MSB)

တိ​မော​သေ​ကို​စေ​လွှတ်​ခြင်း

1. ထို့​ကြောင့် ငါ​တို့​သည် နောက်​ထပ် အောင့်​ခံ​၍​မ​ရ​နိုင်​တော့​သ​ဖြင့် ငါ​တို့​ချည်း​သာ အေ​သင်​မြို့​၌​နေ​ခဲ့​ရန် ဆုံး​ဖြတ်​ပြီး​လျှင်

2. ခ​ရစ်​တော်​၏​ကောင်း​မြတ်​သော​သ​တင်း​၌ ဘု​ရား​သ​ခင်​၏​လုပ်​ဖော်​ဆောင်​ဖက်​ဖြစ်​သော ငါ​တို့​၏​ညီ တိ​မော​သေ​ကို စေ​လွှတ်​လိုက်​၏။ သူ့​ကို​စေ​လွှတ်​ခြင်း​မှာ သင်​တို့​၏​ယုံ​ကြည်​ခြင်း​နှင့်​ပတ်​သက်​၍ သင်​တို့​ကို တိုက်​တွန်း​နှိုး​ဆော်​၍ ခိုင်​ခံ့​မြဲ​မြံ​စေ​ရန်​နှင့်

3. ဤ​ဆင်း​ရဲ​ဒုက္ခ​များ​ကြောင့် မည်​သူ​မျှ ယိမ်း​ယိုင်​ခြင်း​မ​ရှိ​စေ​ရန်​ဖြစ်​၏။ အ​ကြောင်း​မူ​ကား ဤ​သို့​ဆင်း​ရဲ​ဒုက္ခ​ကို​ခံ​ရ​စေ​ရန် ငါ​တို့​ကို​ခန့်​ထား​တော်​မူ​ကြောင်း သင်​တို့​ကိုယ်​တိုင်​သိ​ကြ​၏။

4. အ​ဘယ်​ကြောင့်​ဆို​သော် သင်​တို့​နှင့်​အ​တူ ငါ​တို့​ရှိ​စဉ်​က​ပင် ငါ​တို့​သည် ဆင်း​ရဲ​ဒုက္ခ​ခံ​ရ​တော့​မည်​ဟု သင်​တို့​အား ကြို​တင်​ပြော​ထား​ခဲ့​သည်​ဖြစ်​၍ ထို​အ​တိုင်း​ပင်​ဖြစ်​လာ​ကြောင်း သင်​တို့​သိ​ကြ​၏။

5. ထို့​ကြောင့် ဖြား​ယောင်း​သွေး​ဆောင်​သော​သူ​သည် တစ်​နည်း​နည်း​ဖြင့် သင်​တို့​ကို​ဖြား​ယောင်း​သွေး​ဆောင်​ပြီး ငါ​တို့​၏​ကြိုး​ပမ်း​အား​ထုတ်​မှု​သည် အ​ချည်း​နှီး​ဖြစ်​မည်​ကို​စိုး​ရိမ်​၍ ငါ​သည် နောက်​ထပ် အောင့်​ခံ​၍​မ​ရ​နိုင်​တော့​သ​ဖြင့် သင်​တို့​၏​ယုံ​ကြည်​ခြင်း​ကို​သိ​ရှိ​နိုင်​ရန်​အ​တွက် သူ့​ကို​စေ​လွှတ်​ခဲ့​၏။

တိ​မော​သေ​၏​အား​ရ​ကျေ​နပ်​ဖွယ် အ​စီ​ရင်​ခံ​ချက်

6. သို့​သော် ယ​ခု တိ​မော​သေ​သည် သင်​တို့​ထံ​မှ​ပြန်​လာ​၍ သင်​တို့​၏​ယုံ​ကြည်​ခြင်း​နှင့် ချစ်​ခြင်း​မေတ္တာ​တို့​နှင့်​ပတ်​သက်​သည့် ဝမ်း​မြောက်​ဖွယ်​သ​တင်း​ကို ငါ​တို့​အား​ပြော​ပြ​၏။ ထို့​ပြင် သင်​တို့​သည် ငါ​တို့​ကို အ​စဉ်​အ​မြဲ​ကောင်း​မွန်​စွာ​သ​တိ​ရ​လျက် ငါ​တို့​သည် သင်​တို့​ကို အ​လွန်​တွေ့​မြင်​လို​သ​ကဲ့​သို့ သင်​တို့​သည်​လည်း ငါ​တို့​ကို အ​လွန်​တွေ့​မြင်​လို​ကြောင်း ပြော​ပြ​၏။

7. သို့​ဖြစ်​၍ ညီ​အစ်​ကို​တို့၊ ငါ​တို့​သည် ခက်​ခဲ​ကျပ်​တည်း​ခြင်း​နှင့်​ဆင်း​ရဲ​ဒုက္ခ​အ​မျိုး​မျိုး​ကို​ခံ​ရ​စဉ်​တွင် သင်​တို့​၏​ယုံ​ကြည်​ခြင်း​ကြောင့် သင်​တို့​နှင့်​ပတ်​သက်​၍ နှစ်​သိမ့်​မှု​ကို​ခံ​စား​ရ​ကြ​၏။

8. သင်​တို့​သည် သ​ခင်​ဘု​ရား​၌​ခိုင်​မြဲ​စွာ​ရပ်​တည်​လျှင် ယ​ခု ငါ​တို့​အ​သက်​ရှင်​နိုင်​၏။

9. ငါ​တို့​၏​ဘု​ရား​သ​ခင်​ရှေ့​တော်​၌ သင်​တို့​ကြောင့် ငါ​တို့​ခံ​စား​ရ​သော ဤ​ဝမ်း​မြောက်​ခြင်း​အား​လုံး​ကို​ထောက်​၍ သင်​တို့​အ​တွက် ဘု​ရား​သ​ခင်​ကို မည်​ကဲ့​သို့​ကျေး​ဇူး​တုံ့​ပြန်​နိုင်​ပါ​မည်​နည်း။

10. ငါ​တို့​သည် သင်​တို့​နှင့်​လူ​ချင်း​တွေ့​နိုင်​ရန်​နှင့် သင်​တို့​၏​ယုံ​ကြည်​ခြင်း​တွင် လို​အပ်​သည့်​အ​ပိုင်း​များ​ကို ဖြည့်​ဆည်း​ပေး​နိုင်​ရန် နေ့​ရော​ည​ပါ အ​လွန်​စိတ်​အား​ထက်​သန်​စွာ​ဖြင့် ဆု​တောင်း​နေ​ကြ​၏။

အ​သင်း​တော်​အ​တွက် ဆု​တောင်း​ခြင်း

11. ငါ​တို့​အ​ဖ​ဖြစ်​တော်​မူ​သော​ဘု​ရား​သ​ခင်​ကိုယ်​တော်​တိုင်​နှင့် ငါ​တို့​၏​သ​ခင်​ယေ​ရှု​သည် သင်​တို့​ထံ​သို့ ငါ​တို့​လာ​မည့်​လမ်း​ခ​ရီး​ကို ပြင်​ဆင်​ပေး​တော်​မူ​ပါ​စေ​သော။

12. ငါ​တို့​သည် သင်​တို့​ကို​ချစ်​သ​ကဲ့​သို့ သင်​တို့​သည်​လည်း အ​ချင်း​ချင်း​ချစ်​သော​မေတ္တာ​၌​လည်း​ကောင်း၊ လူ​အ​ပေါင်း​တို့​ကို​ချစ်​သော​မေတ္တာ​၌​လည်း​ကောင်း တိုး​ပွား​၍ ကြွယ်​ဝ​ပြည့်​စုံ​မည့်​အ​ကြောင်း သ​ခင်​ဘု​ရား​ပြု​တော်​မူ​ပါ​စေ​သော။

13. ထို့​ပြင် ငါ​တို့​၏​သ​ခင်​ယေ​ရှု​သည် မိ​မိ​၏​သန့်​ရှင်း​သူ​အ​ပေါင်း​တို့​နှင့်​အ​တူ ကြွ​လာ​တော်​မူ​သော​အ​ခါ ငါ​တို့​အ​ဖ​ဖြစ်​တော်​မူ​သော​ဘု​ရား​သ​ခင်​ရှေ့​တော်​တွင် သင်​တို့​၏​စိတ်​နှ​လုံး​ကို မြင့်​မြတ်​သန့်​ရှင်း​ခြင်း​အ​ရာ​၌ အ​ပြစ်​တင်​စ​ရာ​မ​ရှိ​ရ​လေ​အောင် ခိုင်​ခံ့​မြဲ​မြံ​စေ​တော်​မူ​ပါ​စေ​သော။ အာ​မင်။