29. သင်၏လက်ယာမျက်စိသည် သင့်ကိုမှားယွင်းစေလျှင် ၎င်းကိုထုတ်၍လွှင့်ပစ်လော့။ အကြောင်းမူကား သင်၏ကိုယ်အင်္ဂါတစ်ခုဆုံးရှုံးသွားသော်လည်း သင်၏ကိုယ်ခန္ဓာတစ်ခုလုံး ငရဲထဲသို့ပစ်ချခြင်းမခံရပါက သင့်အတွက် သာ၍ကောင်း၏။
30. သင်၏လက်ယာလက်သည် သင့်ကိုမှားယွင်းစေလျှင် ၎င်းကိုဖြတ်၍ လွှင့်ပစ်လော့။ အကြောင်းမူကား သင်၏ကိုယ်အင်္ဂါတစ်ခုဆုံးရှုံးသွားသော်လည်း သင်၏ကိုယ်ခန္ဓာတစ်ခုလုံး ငရဲသို့မလားရပါက သင့်အတွက် သာ၍ကောင်း၏။
31. ‘မိမိမယားကိုကွာရှင်းသောသူသည် ထိုမယားအား ဖြတ်စာကိုပေးစေ’ဟုလည်း ပြောထား၏။
32. သို့သော် သင်တို့အား ငါဆိုသည်ကား တရားနှင့်မညီမေထုန်ပြုခြင်းအကြောင်းမှလွဲ၍ မိမိမယားကိုကွာရှင်းသောသူတိုင်းသည် ထိုမယားအား အိမ်ထောင်ရေးဖောက်ပြန်မှုကို ကျူးလွန်စေ၏။ ကွာရှင်းထားသောမိန်းမနှင့် ထိမ်းမြားစုံဖက်သောသူသည်လည်း အိမ်ထောင်ရေးဖောက်ပြန်မှုကို ကျူးလွန်၏။
33. တစ်ဖန် ‘မမှန်မကန်တိုင်တည်ပြောဆိုခြင်းမပြုဘဲ သင်ပြုထားသောကတိသစ္စာများကို ထာဝရဘုရားရှေ့တော်၌ စောင့်ထိန်းရမည်’ဟု ရှေးလူတို့အားပြောထားသည်ကို သင်တို့ကြားရ၏။
34. သို့သော် သင်တို့အား ငါဆိုမည်။ တိုင်တည်ပြောဆိုခြင်းကို လုံးဝမပြုရ။ ကောင်းကင်ကိုတိုင်တည်၍မပြောဆိုရ။ အကြောင်းမူကား ၎င်းသည် ဘုရားသခင်၏ပလ္လင်တော်ဖြစ်၏။