26. သင့်အား ငါအမှန်ဆိုမည်။ နောက်ဆုံးကွတ်ရန်တေးတစ်ပြားကို သင်ပြန်၍မဆပ်မချင်း ထိုနေရာမှ လုံးဝထွက်ရမည်မဟုတ်။
27. ‘အိမ်ထောင်ရေးဖောက်ပြန်မှုကို မကျူးလွန်ရ’ဟု ပြောထားသည်ကို သင်တို့ကြားရ၏။
28. သို့သော် သင်တို့အား ငါဆိုသည်ကား အမျိုးသမီးတစ်ယောက်ကို ကိလေသာစိတ်နှင့်ကြည့်သောသူတိုင်းသည် သူ၏စိတ်နှလုံးထဲ၌ ထိုအမျိုးသမီးနှင့်ပြစ်မှားလေပြီ။
29. သင်၏လက်ယာမျက်စိသည် သင့်ကိုမှားယွင်းစေလျှင် ၎င်းကိုထုတ်၍လွှင့်ပစ်လော့။ အကြောင်းမူကား သင်၏ကိုယ်အင်္ဂါတစ်ခုဆုံးရှုံးသွားသော်လည်း သင်၏ကိုယ်ခန္ဓာတစ်ခုလုံး ငရဲထဲသို့ပစ်ချခြင်းမခံရပါက သင့်အတွက် သာ၍ကောင်း၏။
30. သင်၏လက်ယာလက်သည် သင့်ကိုမှားယွင်းစေလျှင် ၎င်းကိုဖြတ်၍ လွှင့်ပစ်လော့။ အကြောင်းမူကား သင်၏ကိုယ်အင်္ဂါတစ်ခုဆုံးရှုံးသွားသော်လည်း သင်၏ကိုယ်ခန္ဓာတစ်ခုလုံး ငရဲသို့မလားရပါက သင့်အတွက် သာ၍ကောင်း၏။
31. ‘မိမိမယားကိုကွာရှင်းသောသူသည် ထိုမယားအား ဖြတ်စာကိုပေးစေ’ဟုလည်း ပြောထား၏။
32. သို့သော် သင်တို့အား ငါဆိုသည်ကား တရားနှင့်မညီမေထုန်ပြုခြင်းအကြောင်းမှလွဲ၍ မိမိမယားကိုကွာရှင်းသောသူတိုင်းသည် ထိုမယားအား အိမ်ထောင်ရေးဖောက်ပြန်မှုကို ကျူးလွန်စေ၏။ ကွာရှင်းထားသောမိန်းမနှင့် ထိမ်းမြားစုံဖက်သောသူသည်လည်း အိမ်ထောင်ရေးဖောက်ပြန်မှုကို ကျူးလွန်၏။
33. တစ်ဖန် ‘မမှန်မကန်တိုင်တည်ပြောဆိုခြင်းမပြုဘဲ သင်ပြုထားသောကတိသစ္စာများကို ထာဝရဘုရားရှေ့တော်၌ စောင့်ထိန်းရမည်’ဟု ရှေးလူတို့အားပြောထားသည်ကို သင်တို့ကြားရ၏။
34. သို့သော် သင်တို့အား ငါဆိုမည်။ တိုင်တည်ပြောဆိုခြင်းကို လုံးဝမပြုရ။ ကောင်းကင်ကိုတိုင်တည်၍မပြောဆိုရ။ အကြောင်းမူကား ၎င်းသည် ဘုရားသခင်၏ပလ္လင်တော်ဖြစ်၏။
35. မြေကြီးကိုတိုင်တည်၍မပြောဆိုရ။ အကြောင်းမူကား ၎င်းသည် ကိုယ်တော်၏ခြေတင်ခုံဖြစ်၏။ ဂျေရုဆလင်မြို့ကိုတိုင်တည်၍မပြောဆိုရ။ အကြောင်းမူကား ၎င်းသည် ကြီးမြတ်သောဘုရင်၏မြို့တော်ဖြစ်၏။
36. သင်၏ဦးခေါင်းကို တိုင်တည်၍မပြောဆိုရ။ အကြောင်းမူကား သင်သည် ဆံပင်တစ်ပင်ကိုမျှ ဖြူအောင် သို့မဟုတ် မည်းအောင်မလုပ်နိုင်။
37. သို့ဖြစ်၍ သင်တို့သည် ဟုတ်သည်ကို ‘ဟုတ်ပါ၏’ မဟုတ်သည်ကို ‘မဟုတ်ပါ’ဟူ၍သာ ပြောဆိုကြလော့။ ၎င်းတို့ထက် ပိုသောစကားသည် မကောင်းသောအရာနှင့်စပ်ဆိုင်၏။
38. ‘မျက်စိအစား မျက်စိ၊ သွားအစား သွား’ဟု ပြောထားသည်ကို သင်တို့ကြားရ၏။
39. သို့သော် သင်တို့အား ငါဆိုမည်။ မကောင်းသောသူကို အတိုက်အခံမပြုကြနှင့်။ သင်၏ယာဘက်ပါးကိုရိုက်သောသူအား နောက်တစ်ဖက်ကိုလည်း လှည့်ပေးဦးလော့။
40. သင့်ကိုတရားစွဲ၍ သင်၏အင်္ကျီကို ယူလိုသောသူအား ဝတ်ရုံကိုလည်း ယူခွင့်ပေးလော့။
41. သင့်ကို ခရီးတစ်မိုင်အတင်းအကျပ်သွားစေသောသူရှိလျှင် ထိုသူနှင့်အတူ နှစ်မိုင်သွားလော့။
42. သင့်ထံတောင်းသောသူအား ပေးကမ်းလော့။ သင့်ထံမှ ချေးငှားလိုသောသူကိုလည်း မငြင်းပယ်နှင့်။
43. ‘သင့်ဝန်းကျင်၌ရှိသောသူကိုချစ်၍ သင်၏ရန်သူကို မုန်းရမည်’ဟု ဆိုထားသည်ကို သင်တို့ကြားရ၏။