2. ထိုအခါ နှုတ်တော်ကိုဖွင့်၍ သူတို့အား သွန်သင်တော်မူသည်မှာ
3. “စိတ်ဝိညာဉ်ဆင်းရဲနွမ်းပါးသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ကောင်းကင်နိုင်ငံတော်သည် သူတို့၏နိုင်ငံဖြစ်၏။
4. ဝမ်းနည်းကြေကွဲသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား သူတို့သည် နှစ်သိမ့်ခြင်းကိုခံစားကြရလိမ့်မည်။
5. နူးညံ့သိမ်မွေ့သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား သူတို့သည် ကမ္ဘာမြေကို အမွေဆက်ခံကြရလိမ့်မည်။
6. ဖြောင့်မတ်ခြင်းကို ဆာလောင်မွတ်သိပ်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား သူတို့သည် ဝပြောခြင်းသို့ရောက်ကြလိမ့်မည်။
7. သနားကြင်နာတတ်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား သူတို့သည် သနားကြင်နာခြင်းကိုခံကြရလိမ့်မည်။
8. စိတ်နှလုံးဖြူစင်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား သူတို့သည် ဘုရားသခင်ကိုမြင်ကြရလိမ့်မည်။
9. ငြိမ်းချမ်းမှုကိုဖြစ်စေသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား သူတို့သည် ဘုရားသခင်၏သားများဟုခေါ်ဝေါ်ခြင်းကိုခံကြရလိမ့်မည်။
10. ဖြောင့်မတ်ခြင်းကြောင့် ညှဉ်းဆဲခြင်းခံရသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ကောင်းကင်နိုင်ငံတော်သည် သူတို့၏နိုင်ငံဖြစ်၏။
11. ငါ့ကြောင့် လူတို့သည် သင်တို့ကို ကဲ့ရဲ့ပြစ်တင်လျက် ညှဉ်းဆဲကာ မကောင်းသောအရာအမျိုးမျိုးတို့ဖြင့် သင်တို့ကို မဟုတ်မမှန်ဆန့်ကျင်ပြောဆိုကြသောအခါ သင်တို့သည် မင်္ဂလာရှိကြ၏။
12. ဝမ်းမြောက်ရွှင်မြူးကြလော့။ အကြောင်းမူကား ကောင်းကင်ဘုံ၌ သင်တို့၏ဆုလာဘ်သည် ကြီးမားလှပေ၏။ သူတို့သည် သင်တို့ရှေ့က ပရောဖက်များကိုလည်း ထိုနည်းတူညှဉ်းဆဲခဲ့ကြ၏။
13. သင်တို့သည် ကမ္ဘာမြေ၏ဆားဖြစ်ကြ၏။ သို့သော် ဆားသည် အငန်ဓာတ်ကင်းမဲ့သွားလျှင် ၎င်းကို မည်ကဲ့သို့ပြန်၍ငန်စေမည်နည်း။ မည်သည့်အရာအတွက်မျှ အသုံးမဝင်တော့သဖြင့် အပြင်သို့ပစ်လိုက်၍ လူတို့၏နင်းခြေခြင်းခံရရုံသာရှိပေတော့မည်။