12. ယောဟန်အကျဉ်းချခံရကြောင်းကို ယေရှုသည်ကြားလျှင် ဂါလိလဲနယ်သို့ ကြွတော်မူ၏။
13. ထို့နောက် နာဇရက်မြို့ကိုစွန့်ခွာ၍ ပင်လယ်ကမ်းနား၌ရှိသော ကပေရနောင်မြို့သို့ သွားရောက်နေထိုင်တော်မူ၏။ ထိုမြို့သည် ဇာဗုလုန်နယ်နှင့်နဿလိနယ်ဆိုင်ရာအရပ်ဒေသ၌ရှိ၏။
14. ဤသည်ကား ပရောဖက်ဟေရှာယအားဖြင့် မိန့်တော်မူသောအရာ ပြည့်စုံခြင်းသို့ရောက်မည့်အကြောင်းတည်း။
15. မိန့်တော်မူချက်မှာ “ဇာဗုလုန်နယ်နှင့်နဿလိနယ်၊ ပင်လယ်လမ်းတစ်လျှောက်၊ ဂျော်ဒန်မြစ်တစ်ဖက်ကမ်း၊ လူမျိုးခြားတို့၏ဂါလိလဲနယ်၊
16. အမှောင်ထဲ၌နေထိုင်သောသူတို့သည် ကြီးမားသောအလင်းကိုမြင်ကြရ၍ သေခြင်းအရိပ်လွှမ်းမိုးသောပြည်၌ နေထိုင်သောသူတို့ထံသို့ အလင်းပေါ်ထွက်လာပြီ”ဟူ၍ဖြစ်၏။
17. ထိုအချိန်မှစ၍ ယေရှုသည် “ကောင်းကင်နိုင်ငံတော်ပေါ်ထွန်းလုနီးပြီဖြစ်၍ နောင်တရကြလော့”ဟု စတင်ဟောပြောတော်မူ၏။
18. ဂါလိလဲပင်လယ်ကမ်းနားတွင် လမ်းလျှောက်တော်မူစဉ် ညီအစ်ကိုနှစ်ဦးဖြစ်သော ရှိမုန်ဟုခေါ်သည့်ပေတရုနှင့် သူ၏ညီအန္ဒြေတို့သည် တံငါသည်များဖြစ်၍ ပင်လယ်ထဲတွင် ပိုက်ကွန်ချနေကြသည်ကို မြင်တော်မူ၏။
19. ကိုယ်တော်က “ငါ့နောက်သို့လိုက်ကြလော့။ သင်တို့အား လူကိုဖမ်းသောတံငါသည်ဖြစ်စေမည်”ဟု သူတို့အား မိန့်တော်မူလျှင်
20. သူတို့သည် ချက်ချင်းပင် ပိုက်ကွန်များကိုထားခဲ့၍ နောက်တော်သို့လိုက်ကြ၏။
21. တစ်ဖန် ထိုနေရာမှ ဆက်၍ကြွတော်မူရာ အခြားညီအစ်ကိုနှစ်ဦးဖြစ်သော ဇေဗေဒဲ၏သား ယာကုပ်နှင့်သူ့ညီယောဟန်တို့သည် သူတို့၏ဖခင်ဇေဗေဒဲနှင့်အတူ လှေထဲ၌ မိမိတို့၏ပိုက်ကွန်များဖာထေးနေကြသည်ကိုမြင်၍ သူတို့ကိုခေါ်တော်မူ၏။
22. သူတို့သည်လည်း ချက်ချင်းပင် လှေနှင့် သူတို့၏ဖခင်ကိုထားခဲ့၍ နောက်တော်သို့လိုက်ကြ၏။
23. ထို့နောက် ကိုယ်တော်သည် ဂါလိလဲနယ်တစ်နယ်လုံးကို လှည့်လည်၍ ဝတ်ပြုစည်းဝေးကျောင်းများ၌ သွန်သင်တော်မူကာ နိုင်ငံတော်နှင့်ဆိုင်သည့် ကောင်းမြတ်သောသတင်းကိုဟောပြောလျက် လူတို့ထဲ၌စွဲကပ်နေသော ရောဂါအမျိုးမျိုးနှင့်အဖျားအနာရှိသမျှတို့ကို ပျောက်ကင်းစေတော်မူ၏။
24. ထိုအခါ ကိုယ်တော်၏သတင်းသည် ဆီးရီးယားပြည်တစ်ဝန်းလုံးသို့ ပျံ့နှံ့သွားသဖြင့် လူတို့သည် ရောဂါအမျိုးမျိုးစွဲကပ်၍ ဝေဒနာခံစားနေရသူများ၊ နတ်ဆိုးပူးသူများ၊ ဝက်ရူးပြန်ရောဂါစွဲသောသူများနှင့် လေဖြတ်သောသူများ စသည့်နာမကျန်းဖြစ်သူအပေါင်းတို့ကို အထံတော်သို့ခေါ်ဆောင်လာကြရာ ကိုယ်တော်သည် သူတို့ကို ကျန်းမာစေတော်မူ၏။
25. သို့ဖြစ်၍ ဂါလိလဲနယ်၊ ဒေကာပေါလိနယ်၊ ဂျေရုဆလင်မြို့၊ ယုဒနယ်နှင့် ဂျော်ဒန်မြစ်တစ်ဖက်ကမ်းတို့မှ များစွာသောလူထုပရိသတ်တို့သည် နောက်တော်သို့လိုက်ကြ၏။