ရှင်​မဿဲ​ခ​ရစ်​ဝင် 27:48-58 Myanmar Standard Bible (MSB)

48. ထို​အ​ခါ သူ​တို့​အ​ထဲ​မှ တစ်​ယောက်​သည် ချက်​ချင်း​ပြေး​သွား​၍ ရေ​မြှုပ်​ကို​ယူ​ကာ ဝိုင်​ချဉ်​နှင့်​ပြည့်​စေ​ပြီး​လျှင် ၎င်း​ကို​ကျူ​ရိုး​ပေါ်​တပ်​လျက် ကိုယ်​တော်​အား​သောက်​စေ​၏။

49. သို့​သော် အ​ခြား​သော​သူ​တို့​က “ရှိ​ပါ​လေ​စေ။ ဧ​လိ​ယ​သည် သူ့​ကို​ကယ်​တင်​ရန် လာ​မည်​မ​လာ​မည်​ကို ငါ​တို့ ကြည့်​ကြ​စို့”​ဟု ဆို​ကြ​၏။

50. ထို့​နောက် ယေ​ရှု​သည် နောက်​တစ်​ဖန် ကျယ်​လောင်​သော​အ​သံ​ဖြင့်​ကြွေး​ကြော်​ပြီး​လျှင် အ​သက်​ကို​စွန့်​တော်​မူ​၏။

51. ထို​အ​ခါ ဗိ​မာန်​တော်​ကန့်​လန့်​ကာ​သည်​အ​ထက်​စွန်း​မှ အောက်​စွန်း​တိုင်​အောင် နှစ်​ခြမ်း​ကွဲ​သွား​လေ​၏။ မြေ​ကြီး​သည်​လှုပ်​၍ ကျောက်​များ​သည် အက်​ကွဲ​လေ​၏။

52. သင်္ချိုင်း​ဂူ​များ​လည်း​ပွင့်​သ​ဖြင့် အိပ်​ပျော်​ကြ​ပြီ​ဖြစ်​သော​သန့်​ရှင်း​သူ​များ​စွာ​တို့​၏​ကိုယ်​ခန္ဓာ​သည် ထ​မြောက်​ကြ​၏။

53. ယေ​ရှု​ထ​မြောက်​တော်​မူ​ပြီး​နောက် သူ​တို့​သည် သင်္ချိုင်း​ဂူ​များ​မှ​ထွက်​လာ​၍ သန့်​ရှင်း​သော​မြို့​တော်​သို့​ဝင်​ကာ များ​စွာ​သော​သူ​တို့​ထံ ထင်​ရှား​ကြ​၏။

54. တပ်​မှူး​မှ​စ​၍ သူ​နှင့်​အ​တူ ယေ​ရှု​ကို​စောင့်​ကြည့်​နေ​သော​သူ​တို့​သည် င​လျင်​လှုပ်​ခြင်း​နှင့် ဖြစ်​ပျက်​သော​အ​ရာ​များ​ကို​တွေ့​မြင်​ကြ​သော​အ​ခါ အ​လွန်​ကြောက်​ရွံ့​လျက် “ဤ​သူ​သည် အ​မှန်​ပင် ဘု​ရား​သ​ခင်​၏​သား​တော်​ဖြစ်​သည်”​ဟု ဆို​ကြ​၏။

55. ယေ​ရှု​ကို​လုပ်​ကျွေး​ပြု​စု​လျက် ဂါ​လိ​လဲ​နယ်​မှ နောက်​တော်​သို့​လိုက်​လာ​သည့် များ​စွာ​သော​အ​မျိုး​သ​မီး​တို့​သည်​လည်း ထို​နေ​ရာ​၌​ရှိ​၍ အ​ဝေး​မှ​ကြည့်​နေ​ကြ​၏။

56. သူ​တို့​အ​ထဲ​တွင် မာ​ဂ​ဒ​လ​မြို့​သူ​မာ​ရိ၊ ယာ​ကုပ်​နှင့်​ယော​သပ်​တို့​၏​မိ​ခင်​ဖြစ်​သော​မာ​ရိ​နှင့် ဇေ​ဗေ​ဒဲ​၏​သား​များ​၏​မိ​ခင်​တို့​ပါ​၏။

57. ည​နေ​ချမ်း​အ​ချိန်​ရောက်​သော​အ​ခါ အ​ရိ​မ​သဲ​မြို့​မှ သူ​ဌေး​ဖြစ်​ပြီး ယေ​ရှု​၏​တ​ပည့်​တော်​လည်း​ဖြစ်​သော ယော​သပ်​အ​မည်​ရှိ​သူ​တစ်​ဦး​သည် ရောက်​လာ​၏။

58. သူ​သည် ပိ​လတ်​မင်း​ထံ​သို့​သွား​၍ ယေ​ရှု​၏​အ​လောင်း​တော်​ကို တောင်း​လေ​၏။ ထို​အ​ခါ ပိ​လတ်​မင်း​သည် အ​လောင်း​တော်​ကို​ပေး​လိုက်​ရန် အ​မိန့်​ပေး​၏။

ရှင်​မဿဲ​ခ​ရစ်​ဝင် 27