48. ထိုအခါ သူတို့အထဲမှ တစ်ယောက်သည် ချက်ချင်းပြေးသွား၍ ရေမြှုပ်ကိုယူကာ ဝိုင်ချဉ်နှင့်ပြည့်စေပြီးလျှင် ၎င်းကိုကျူရိုးပေါ်တပ်လျက် ကိုယ်တော်အားသောက်စေ၏။
49. သို့သော် အခြားသောသူတို့က “ရှိပါလေစေ။ ဧလိယသည် သူ့ကိုကယ်တင်ရန် လာမည်မလာမည်ကို ငါတို့ ကြည့်ကြစို့”ဟု ဆိုကြ၏။
50. ထို့နောက် ယေရှုသည် နောက်တစ်ဖန် ကျယ်လောင်သောအသံဖြင့်ကြွေးကြော်ပြီးလျှင် အသက်ကိုစွန့်တော်မူ၏။
51. ထိုအခါ ဗိမာန်တော်ကန့်လန့်ကာသည်အထက်စွန်းမှ အောက်စွန်းတိုင်အောင် နှစ်ခြမ်းကွဲသွားလေ၏။ မြေကြီးသည်လှုပ်၍ ကျောက်များသည် အက်ကွဲလေ၏။
52. သင်္ချိုင်းဂူများလည်းပွင့်သဖြင့် အိပ်ပျော်ကြပြီဖြစ်သောသန့်ရှင်းသူများစွာတို့၏ကိုယ်ခန္ဓာသည် ထမြောက်ကြ၏။
53. ယေရှုထမြောက်တော်မူပြီးနောက် သူတို့သည် သင်္ချိုင်းဂူများမှထွက်လာ၍ သန့်ရှင်းသောမြို့တော်သို့ဝင်ကာ များစွာသောသူတို့ထံ ထင်ရှားကြ၏။
54. တပ်မှူးမှစ၍ သူနှင့်အတူ ယေရှုကိုစောင့်ကြည့်နေသောသူတို့သည် ငလျင်လှုပ်ခြင်းနှင့် ဖြစ်ပျက်သောအရာများကိုတွေ့မြင်ကြသောအခါ အလွန်ကြောက်ရွံ့လျက် “ဤသူသည် အမှန်ပင် ဘုရားသခင်၏သားတော်ဖြစ်သည်”ဟု ဆိုကြ၏။
55. ယေရှုကိုလုပ်ကျွေးပြုစုလျက် ဂါလိလဲနယ်မှ နောက်တော်သို့လိုက်လာသည့် များစွာသောအမျိုးသမီးတို့သည်လည်း ထိုနေရာ၌ရှိ၍ အဝေးမှကြည့်နေကြ၏။
56. သူတို့အထဲတွင် မာဂဒလမြို့သူမာရိ၊ ယာကုပ်နှင့်ယောသပ်တို့၏မိခင်ဖြစ်သောမာရိနှင့် ဇေဗေဒဲ၏သားများ၏မိခင်တို့ပါ၏။
57. ညနေချမ်းအချိန်ရောက်သောအခါ အရိမသဲမြို့မှ သူဌေးဖြစ်ပြီး ယေရှု၏တပည့်တော်လည်းဖြစ်သော ယောသပ်အမည်ရှိသူတစ်ဦးသည် ရောက်လာ၏။