42. “သူသည် သူတစ်ပါးတို့ကိုကယ်တင်ခဲ့သော်လည်း မိမိကိုယ်ကိုမကယ်တင်နိုင်ပါတကား။ အစ္စရေးဘုရင်ဖြစ်လျှင် ယခုပင် လက်ဝါးကပ်တိုင်ပေါ်မှဆင်းလာပါစေ။ ထိုအခါ ငါတို့သည် သူ့ကိုယုံကြည်မည်။
43. သူသည် ဘုရားသခင်ကိုယုံကြည်ကိုးစားခဲ့၏။ ဘုရားသခင်အလိုတော်ရှိလျှင် ယခုပင် သူ့ကိုကယ်နုတ်ပါစေ။ အကြောင်းမူကား ‘ငါသည် ဘုရားသခင်၏သားတော်ဖြစ်သည်’ဟူ၍ သူပြောခဲ့၏”ဟု ဆိုကြ၏။
44. ကိုယ်တော်နှင့်အတူ လက်ဝါးကပ်တိုင်ပေါ်၌တင်ထားခြင်းခံရသော ဓားပြတို့သည်လည်း ကိုယ်တော်ကို ထိုနည်းတူကဲ့ရဲ့ပြစ်တင်ကြ၏။
45. မွန်းတည့်ချိန်မှစ၍ မွန်းလွဲသုံးနာရီတိုင်အောင် မြေတစ်ပြင်လုံး၌ အမှောင်ကျရောက်လေ၏။
46. မွန်းလွဲသုံးနာရီခန့်တွင် ယေရှုသည် ကျယ်လောင်သောအသံဖြင့် “ဧလိ၊ ဧလိ၊ လာမာ ရှာဗခသာနိ”ဟု အော်ဟစ်တော်မူ၏။ ၎င်း၏အဓိပ္ပာယ်မှာ “အကျွန်ုပ်၏ဘုရား၊ အကျွန်ုပ်၏ဘုရား၊ အကျွန်ုပ်ကို အဘယ်ကြောင့်စွန့်ပစ်တော်မူသနည်း”ဟူ၍ ဖြစ်၏။
47. ထိုအရပ်၌ ရပ်နေသောသူအချို့တို့သည်ကြားလျှင် “ဤသူသည် ဧလိယကိုခေါ်နေသည်”ဟု ဆိုကြ၏။
48. ထိုအခါ သူတို့အထဲမှ တစ်ယောက်သည် ချက်ချင်းပြေးသွား၍ ရေမြှုပ်ကိုယူကာ ဝိုင်ချဉ်နှင့်ပြည့်စေပြီးလျှင် ၎င်းကိုကျူရိုးပေါ်တပ်လျက် ကိုယ်တော်အားသောက်စေ၏။
49. သို့သော် အခြားသောသူတို့က “ရှိပါလေစေ။ ဧလိယသည် သူ့ကိုကယ်တင်ရန် လာမည်မလာမည်ကို ငါတို့ ကြည့်ကြစို့”ဟု ဆိုကြ၏။
50. ထို့နောက် ယေရှုသည် နောက်တစ်ဖန် ကျယ်လောင်သောအသံဖြင့်ကြွေးကြော်ပြီးလျှင် အသက်ကိုစွန့်တော်မူ၏။
51. ထိုအခါ ဗိမာန်တော်ကန့်လန့်ကာသည်အထက်စွန်းမှ အောက်စွန်းတိုင်အောင် နှစ်ခြမ်းကွဲသွားလေ၏။ မြေကြီးသည်လှုပ်၍ ကျောက်များသည် အက်ကွဲလေ၏။
52. သင်္ချိုင်းဂူများလည်းပွင့်သဖြင့် အိပ်ပျော်ကြပြီဖြစ်သောသန့်ရှင်းသူများစွာတို့၏ကိုယ်ခန္ဓာသည် ထမြောက်ကြ၏။
53. ယေရှုထမြောက်တော်မူပြီးနောက် သူတို့သည် သင်္ချိုင်းဂူများမှထွက်လာ၍ သန့်ရှင်းသောမြို့တော်သို့ဝင်ကာ များစွာသောသူတို့ထံ ထင်ရှားကြ၏။
54. တပ်မှူးမှစ၍ သူနှင့်အတူ ယေရှုကိုစောင့်ကြည့်နေသောသူတို့သည် ငလျင်လှုပ်ခြင်းနှင့် ဖြစ်ပျက်သောအရာများကိုတွေ့မြင်ကြသောအခါ အလွန်ကြောက်ရွံ့လျက် “ဤသူသည် အမှန်ပင် ဘုရားသခင်၏သားတော်ဖြစ်သည်”ဟု ဆိုကြ၏။