30. ထို့နောက် ကိုယ်တော်ကို တံတွေးနှင့်ထွေး၍ ကျူရိုးကိုယူပြီးလျှင် ကိုယ်တော်၏ဦးခေါင်းကိုရိုက်ကြ၏။
31. ထိုသို့ ကိုယ်တော်ကို ပြောင်လှောင်ကြပြီးနောက် နီမြန်းသောဝတ်လုံကိုချွတ်၍ ကိုယ်တော်၏အဝတ်ကို ပြန်ဝတ်စေပြီးလျှင် လက်ဝါးကပ်တိုင်ပေါ်၌တင်ရန် ကိုယ်တော်ကိုခေါ်ဆောင်သွားကြ၏။
32. သူတို့ထွက်သွားကြစဉ် ရှိမုန်အမည်ရှိသော ကုရေနေမြို့သားတစ်ဦးကိုတွေ့သဖြင့် ကိုယ်တော်၏လက်ဝါးကပ်တိုင်ကို သူ့အား အတင်းအကျပ်ထမ်းစေကြ၏။
33. ဤသို့ဖြင့် ဦးခေါင်းခွံအရပ်ဟုခေါ်ဝေါ်သော ဂေါလဂေါသအမည်တွင်သည့်အရပ်သို့ ရောက်ကြလျှင်
34. သူတို့သည် ကိုယ်တော်အား ဆေးခါးနှင့်ရောထားသောစပျစ်ဝိုင်ကို တိုက်ကြ၏။ ကိုယ်တော်သည် မြည်းစမ်း၍ သောက်လိုသောစိတ်ရှိတော်မမူချေ။
35. ထိုအခါ သူတို့သည် ကိုယ်တော်ကို လက်ဝါးကပ်တိုင်ပေါ်၌တင်ကြပြီး ကိုယ်တော်၏အဝတ်တော်များကို မဲချ၍ ခွဲဝေကြ၏။
36. ထို့နောက် ထိုနေရာ၌ ထိုင်လျက် ကိုယ်တော်ကို စောင့်ကြည့်ကြ၏။
37. ကိုယ်တော်၏ဦးခေါင်းတော်အထက်၌ကား “ဤသူသည် ဂျူးလူမျိုးတို့၏ဘုရင် ယေရှုဖြစ်၏”ဟု ရေးထားသည့် ကိုယ်တော်အပေါ်တင်သောစွဲချက်ကို တပ်ထားကြ၏။
38. ဓားပြနှစ်ယောက်တို့ကိုလည်း ကိုယ်တော်နှင့်အတူ လက်ယာတော်ဘက်တွင်တစ်ယောက်၊ လက်ဝဲတော်ဘက်တွင်တစ်ယောက် လက်ဝါးကပ်တိုင်ပေါ်၌တင်ကြ၏။
39. ဖြတ်သန်းသွားလာသောသူတို့သည် မိမိတို့ခေါင်းကိုခါယမ်းလျက်
40. “ဗိမာန်တော်ကိုဖြိုဖျက်၍ သုံးရက်အတွင်းတည်ဆောက်မည့်သူ၊ သင်သည် ဘုရားသခင်၏သားတော်မှန်လျှင် သင့်ကိုယ်သင်ကယ်တင်ပြီး လက်ဝါးကပ်တိုင်ပေါ်မှဆင်းလာခဲ့လော့”ဟု စော်ကားပြောဆိုကြ၏။
41. ထိုနည်းတူ ယဇ်ပုရောဟိတ်အကြီးအကဲများသည်လည်း ကျမ်းပြုဆရာများ၊ သက်ကြီးဝါကြီးများနှင့်အတူ ကိုယ်တော်ကို ပြောင်လှောင်ကြ၍
42. “သူသည် သူတစ်ပါးတို့ကိုကယ်တင်ခဲ့သော်လည်း မိမိကိုယ်ကိုမကယ်တင်နိုင်ပါတကား။ အစ္စရေးဘုရင်ဖြစ်လျှင် ယခုပင် လက်ဝါးကပ်တိုင်ပေါ်မှဆင်းလာပါစေ။ ထိုအခါ ငါတို့သည် သူ့ကိုယုံကြည်မည်။
43. သူသည် ဘုရားသခင်ကိုယုံကြည်ကိုးစားခဲ့၏။ ဘုရားသခင်အလိုတော်ရှိလျှင် ယခုပင် သူ့ကိုကယ်နုတ်ပါစေ။ အကြောင်းမူကား ‘ငါသည် ဘုရားသခင်၏သားတော်ဖြစ်သည်’ဟူ၍ သူပြောခဲ့၏”ဟု ဆိုကြ၏။
44. ကိုယ်တော်နှင့်အတူ လက်ဝါးကပ်တိုင်ပေါ်၌တင်ထားခြင်းခံရသော ဓားပြတို့သည်လည်း ကိုယ်တော်ကို ထိုနည်းတူကဲ့ရဲ့ပြစ်တင်ကြ၏။
45. မွန်းတည့်ချိန်မှစ၍ မွန်းလွဲသုံးနာရီတိုင်အောင် မြေတစ်ပြင်လုံး၌ အမှောင်ကျရောက်လေ၏။
46. မွန်းလွဲသုံးနာရီခန့်တွင် ယေရှုသည် ကျယ်လောင်သောအသံဖြင့် “ဧလိ၊ ဧလိ၊ လာမာ ရှာဗခသာနိ”ဟု အော်ဟစ်တော်မူ၏။ ၎င်း၏အဓိပ္ပာယ်မှာ “အကျွန်ုပ်၏ဘုရား၊ အကျွန်ုပ်၏ဘုရား၊ အကျွန်ုပ်ကို အဘယ်ကြောင့်စွန့်ပစ်တော်မူသနည်း”ဟူ၍ ဖြစ်၏။
47. ထိုအရပ်၌ ရပ်နေသောသူအချို့တို့သည်ကြားလျှင် “ဤသူသည် ဧလိယကိုခေါ်နေသည်”ဟု ဆိုကြ၏။
48. ထိုအခါ သူတို့အထဲမှ တစ်ယောက်သည် ချက်ချင်းပြေးသွား၍ ရေမြှုပ်ကိုယူကာ ဝိုင်ချဉ်နှင့်ပြည့်စေပြီးလျှင် ၎င်းကိုကျူရိုးပေါ်တပ်လျက် ကိုယ်တော်အားသောက်စေ၏။
49. သို့သော် အခြားသောသူတို့က “ရှိပါလေစေ။ ဧလိယသည် သူ့ကိုကယ်တင်ရန် လာမည်မလာမည်ကို ငါတို့ ကြည့်ကြစို့”ဟု ဆိုကြ၏။