24. ထိုအခါ ပိလတ်မင်းသည် မည်သည့်အကျိုးမျှမရှိဘဲ ရုန်းရင်းဆန်ခတ်သာဖြစ်လာသည်ကိုမြင်၍ လူထုပရိသတ်ရှေ့တွင် ရေကိုယူပြီး လက်ကိုဆေးကာ “ဤသူ၏သွေးနှင့် ငါကင်းရှင်း၏။ သင်တို့အမှုကို သင်တို့ဖြေရှင်းရမည်”ဟု ဆို၏။
25. လူအပေါင်းတို့ကလည်း “သူ၏သွေးသည် ငါတို့နှင့်ငါတို့၏သားသမီးများအပေါ် ကျရောက်ပါစေ”ဟု ပြန်ပြောကြ၏။
26. ထိုအခါ ပိလတ်မင်းသည် သူတို့အတွက် ဗာရဗ္ဗကိုလွှတ်ပေးလေ၏။ ယေရှုကိုမူကား ကျာပွတ်ဖြင့်ရိုက်နှက်စေပြီးနောက် လက်ဝါးကပ်တိုင်ပေါ်၌တင်ရန် အပ်နှံလိုက်လေ၏။
27. ထို့နောက် ဘုရင်ခံ၏စစ်သားများသည် ယေရှုကို ရုံးတော်အတွင်းသို့ခေါ်ဆောင်သွား၍ တပ်ဖွဲ့တစ်ဖွဲ့လုံးကို ကိုယ်တော်ထံစုဝေးစေကာ
28. ကိုယ်တော်၏အဝတ်ကိုချွတ်ပြီး နီမြန်းသောဝတ်လုံကို ကိုယ်တော်အားခြုံစေကြ၏။
29. ဆူးပင်ကိုလည်းသရဖူအဖြစ်ရစ်ခွေပြီး ကိုယ်တော်၏ဦးခေါင်းပေါ်၌ ဆောင်းစေ၍ ကျူရိုးတစ်ချောင်းကို လက်ယာလက်ဖြင့် ကိုင်စေပြီးလျှင် ကိုယ်တော်၏ရှေ့၌ဒူးထောက်လျက် “ဂျူးလူမျိုးတို့၏ဘုရင်၊ မင်္ဂလာရှိပါစေသော”ဟု ပြောင်လှောင်ပြောဆိုကြ၏။
30. ထို့နောက် ကိုယ်တော်ကို တံတွေးနှင့်ထွေး၍ ကျူရိုးကိုယူပြီးလျှင် ကိုယ်တော်၏ဦးခေါင်းကိုရိုက်ကြ၏။
31. ထိုသို့ ကိုယ်တော်ကို ပြောင်လှောင်ကြပြီးနောက် နီမြန်းသောဝတ်လုံကိုချွတ်၍ ကိုယ်တော်၏အဝတ်ကို ပြန်ဝတ်စေပြီးလျှင် လက်ဝါးကပ်တိုင်ပေါ်၌တင်ရန် ကိုယ်တော်ကိုခေါ်ဆောင်သွားကြ၏။
32. သူတို့ထွက်သွားကြစဉ် ရှိမုန်အမည်ရှိသော ကုရေနေမြို့သားတစ်ဦးကိုတွေ့သဖြင့် ကိုယ်တော်၏လက်ဝါးကပ်တိုင်ကို သူ့အား အတင်းအကျပ်ထမ်းစေကြ၏။
33. ဤသို့ဖြင့် ဦးခေါင်းခွံအရပ်ဟုခေါ်ဝေါ်သော ဂေါလဂေါသအမည်တွင်သည့်အရပ်သို့ ရောက်ကြလျှင်
34. သူတို့သည် ကိုယ်တော်အား ဆေးခါးနှင့်ရောထားသောစပျစ်ဝိုင်ကို တိုက်ကြ၏။ ကိုယ်တော်သည် မြည်းစမ်း၍ သောက်လိုသောစိတ်ရှိတော်မမူချေ။