ရှင်​မဿဲ​ခ​ရစ်​ဝင် 27:21-41 Myanmar Standard Bible (MSB)

21. တစ်​ဖန် ဘု​ရင်​ခံ​က “ဤ​သူ​နှစ်​ယောက်​တို့​တွင် သင်​တို့​အ​တွက် မည်​သူ့​ကို​လွှတ်​ပေး​စေ​လို​သ​နည်း”​ဟု မေး​သော​အ​ခါ သူ​တို့​က “ဗာ​ရဗ္ဗ”​ဟု ဆို​ကြ​၏။

22. ပိ​လတ်​မင်း​က “သို့​ဖြစ်​လျှင် ခ​ရစ်​တော်​ဟု​ခေါ်​သော​ယေ​ရှု​ကို မည်​သို့​ပြု​ရ​မည်​နည်း”​ဟု မေး​ပြန်​သော် သူ​တို့​အား​လုံး​က “လက်​ဝါး​ကပ်​တိုင်​ပေါ်​၌​တင်​လိုက်​ပါ”​ဟု ဆို​ကြ​၏။

23. ပိ​လတ်​မင်း​က​လည်း “အ​ဘယ်​ကြောင့်​နည်း။ သူ​သည် မည်​သည့်​မ​ကောင်း​မှု​ကို​ပြု​ခဲ့​သ​နည်း”​ဟု ပြန်​မေး​သော်​လည်း သူ​တို့​က “သူ့​ကို​လက်​ဝါး​ကပ်​တိုင်​ပေါ်​၌​တင်​လိုက်​ပါ”​ဟု ပို​၍​အော်​ဟစ်​ကြ​၏။

24. ထို​အ​ခါ ပိ​လတ်​မင်း​သည် မည်​သည့်​အ​ကျိုး​မျှ​မ​ရှိ​ဘဲ ရုန်း​ရင်း​ဆန်​ခတ်​သာ​ဖြစ်​လာ​သည်​ကို​မြင်​၍ လူ​ထု​ပ​ရိ​သတ်​ရှေ့​တွင် ရေ​ကို​ယူ​ပြီး လက်​ကို​ဆေး​ကာ “ဤ​သူ​၏​သွေး​နှင့် ငါ​ကင်း​ရှင်း​၏။ သင်​တို့​အ​မှု​ကို သင်​တို့​ဖြေ​ရှင်း​ရ​မည်”​ဟု ဆို​၏။

25. လူ​အ​ပေါင်း​တို့​က​လည်း “သူ​၏​သွေး​သည် ငါ​တို့​နှင့်​ငါ​တို့​၏​သား​သ​မီး​များ​အ​ပေါ် ကျ​ရောက်​ပါ​စေ”​ဟု ပြန်​ပြော​ကြ​၏။

26. ထို​အ​ခါ ပိ​လတ်​မင်း​သည် သူ​တို့​အ​တွက် ဗာ​ရဗ္ဗ​ကို​လွှတ်​ပေး​လေ​၏။ ယေ​ရှု​ကို​မူ​ကား ကျာ​ပွတ်​ဖြင့်​ရိုက်​နှက်​စေ​ပြီး​နောက် လက်​ဝါး​ကပ်​တိုင်​ပေါ်​၌​တင်​ရန် အပ်​နှံ​လိုက်​လေ​၏။

27. ထို့​နောက် ဘု​ရင်​ခံ​၏​စစ်​သား​များ​သည် ယေ​ရှု​ကို ရုံး​တော်​အ​တွင်း​သို့​ခေါ်​ဆောင်​သွား​၍ တပ်​ဖွဲ့​တစ်​ဖွဲ့​လုံး​ကို ကိုယ်​တော်​ထံ​စု​ဝေး​စေ​ကာ

28. ကိုယ်​တော်​၏​အ​ဝတ်​ကို​ချွတ်​ပြီး နီ​မြန်း​သော​ဝတ်​လုံ​ကို ကိုယ်​တော်​အား​ခြုံ​စေ​ကြ​၏။

29. ဆူး​ပင်​ကို​လည်း​သ​ရ​ဖူ​အ​ဖြစ်​ရစ်​ခွေ​ပြီး ကိုယ်​တော်​၏​ဦး​ခေါင်း​ပေါ်​၌ ဆောင်း​စေ​၍ ကျူ​ရိုး​တစ်​ချောင်း​ကို လက်​ယာ​လက်​ဖြင့် ကိုင်​စေ​ပြီး​လျှင် ကိုယ်​တော်​၏​ရှေ့​၌​ဒူး​ထောက်​လျက် “ဂျူး​လူ​မျိုး​တို့​၏​ဘု​ရင်၊ မင်္ဂ​လာ​ရှိ​ပါ​စေ​သော”​ဟု ပြောင်​လှောင်​ပြော​ဆို​ကြ​၏။

30. ထို့​နောက် ကိုယ်​တော်​ကို တံ​တွေး​နှင့်​ထွေး​၍ ကျူ​ရိုး​ကို​ယူ​ပြီး​လျှင် ကိုယ်​တော်​၏​ဦး​ခေါင်း​ကို​ရိုက်​ကြ​၏။

31. ထို​သို့ ကိုယ်​တော်​ကို ပြောင်​လှောင်​ကြ​ပြီး​နောက် နီ​မြန်း​သော​ဝတ်​လုံ​ကို​ချွတ်​၍ ကိုယ်​တော်​၏​အ​ဝတ်​ကို ပြန်​ဝတ်​စေ​ပြီး​လျှင် လက်​ဝါး​ကပ်​တိုင်​ပေါ်​၌​တင်​ရန် ကိုယ်​တော်​ကို​ခေါ်​ဆောင်​သွား​ကြ​၏။

32. သူ​တို့​ထွက်​သွား​ကြ​စဉ် ရှိ​မုန်​အ​မည်​ရှိ​သော ကု​ရေ​နေ​မြို့​သား​တစ်​ဦး​ကို​တွေ့​သ​ဖြင့် ကိုယ်​တော်​၏​လက်​ဝါး​ကပ်​တိုင်​ကို သူ့​အား အ​တင်း​အ​ကျပ်​ထမ်း​စေ​ကြ​၏။

33. ဤ​သို့​ဖြင့် ဦး​ခေါင်း​ခွံ​အ​ရပ်​ဟု​ခေါ်​ဝေါ်​သော ဂေါ​လ​ဂေါ​သ​အ​မည်​တွင်​သည့်​အ​ရပ်​သို့ ရောက်​ကြ​လျှင်

34. သူ​တို့​သည် ကိုယ်​တော်​အား ဆေး​ခါး​နှင့်​ရော​ထား​သော​စ​ပျစ်​ဝိုင်​ကို တိုက်​ကြ​၏။ ကိုယ်​တော်​သည် မြည်း​စမ်း​၍ သောက်​လို​သော​စိတ်​ရှိ​တော်​မ​မူ​ချေ။

35. ထို​အ​ခါ သူ​တို့​သည် ကိုယ်​တော်​ကို လက်​ဝါး​ကပ်​တိုင်​ပေါ်​၌​တင်​ကြ​ပြီး ကိုယ်​တော်​၏​အ​ဝတ်​တော်​များ​ကို မဲ​ချ​၍ ခွဲ​ဝေ​ကြ​၏။

36. ထို့​နောက် ထို​နေ​ရာ​၌ ထိုင်​လျက် ကိုယ်​တော်​ကို စောင့်​ကြည့်​ကြ​၏။

37. ကိုယ်​တော်​၏​ဦး​ခေါင်း​တော်​အ​ထက်​၌​ကား “ဤ​သူ​သည် ဂျူး​လူ​မျိုး​တို့​၏​ဘု​ရင် ယေ​ရှု​ဖြစ်​၏”​ဟု ရေး​ထား​သည့် ကိုယ်​တော်​အ​ပေါ်​တင်​သော​စွဲ​ချက်​ကို တပ်​ထား​ကြ​၏။

38. ဓား​ပြ​နှစ်​ယောက်​တို့​ကို​လည်း ကိုယ်​တော်​နှင့်​အ​တူ လက်​ယာ​တော်​ဘက်​တွင်​တစ်​ယောက်၊ လက်​ဝဲ​တော်​ဘက်​တွင်​တစ်​ယောက် လက်​ဝါး​ကပ်​တိုင်​ပေါ်​၌​တင်​ကြ​၏။

39. ဖြတ်​သန်း​သွား​လာ​သော​သူ​တို့​သည် မိ​မိ​တို့​ခေါင်း​ကို​ခါ​ယမ်း​လျက်

40. “ဗိ​မာန်​တော်​ကို​ဖြို​ဖျက်​၍ သုံး​ရက်​အ​တွင်း​တည်​ဆောက်​မည့်​သူ၊ သင်​သည် ဘု​ရား​သ​ခင်​၏​သား​တော်​မှန်​လျှင် သင့်​ကိုယ်​သင်​ကယ်​တင်​ပြီး လက်​ဝါး​ကပ်​တိုင်​ပေါ်​မှ​ဆင်း​လာ​ခဲ့​လော့”​ဟု စော်​ကား​ပြော​ဆို​ကြ​၏။

41. ထို​နည်း​တူ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ​သည်​လည်း ကျမ်း​ပြု​ဆ​ရာ​များ၊ သက်​ကြီး​ဝါ​ကြီး​များ​နှင့်​အ​တူ ကိုယ်​တော်​ကို ပြောင်​လှောင်​ကြ​၍

ရှင်​မဿဲ​ခ​ရစ်​ဝင် 27