13. ထိုအခါ ပိလတ်မင်းသည် ကိုယ်တော်အား “သူတို့သည် သင့်တစ်ဖက်၌ မည်မျှလောက်သက်သေခံကြသည်ကို သင်မကြားသလော”ဟု ဆို၏။
14. သို့သော် ကိုယ်တော်သည် စကားတစ်ခွန်းကိုမျှ ပြန်၍မိန့်တော်မမူဘဲနေသဖြင့် ဘုရင်ခံသည် အလွန်အံ့ဩလေ၏။
15. ဘုရင်ခံသည် ထိုပွဲတော်တွင် လူထုအတွက် သူတို့အလိုရှိသည့်အကျဉ်းသားတစ်ဦးကို လွှတ်ပေးလေ့ရှိ၏။
16. ထိုအချိန်တွင် ဗာရဗ္ဗဟုခေါ်သည့် ထင်ပေါ်ကျော်ကြားသော အကျဉ်းသားတစ်ယောက်ရှိ၏။
17. သို့ဖြစ်၍ လူတို့စုဝေးကြသောအခါ ပိလတ်မင်းက “သင်တို့အတွက် မည်သူ့ကိုလွှတ်ပေးစေလိုသနည်း။ ဗာရဗ္ဗလော သို့မဟုတ် ခရစ်တော်ဟုခေါ်သော ယေရှုလော”ဟု သူတို့အားမေးလေ၏။
18. ထိုသို့မေးခြင်းမှာ သူတို့သည် မလိုမုန်းထားစိတ်ဖြင့် ယေရှုကိုအပ်နှံကြကြောင်း ပိလတ်မင်းသိသောကြောင့်ဖြစ်၏။
19. ပိလတ်မင်းသည် တရားပလ္လင်ပေါ်၌ ထိုင်နေစဉ် သူ၏ဇနီးသည်သည် သူ့ထံသို့လူလွှတ်၍ “သင်သည် ထိုဖြောင့်မတ်သောသူနှင့် မည်သို့မျှ မပတ်သက်စေပါနှင့်။ အကြောင်းမူကား ထိုသူကြောင့် ယနေ့ ကျွန်မသည် အိပ်မက်ထဲ၌ စိတ်ဒုက္ခများစွာရောက်ရပါ၏”ဟု မှာလိုက်လေ၏။
20. ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် သက်ကြီးဝါကြီးတို့သည် လူထုပရိသတ်အား ဗာရဗ္ဗကိုတောင်း၍ ယေရှုကိုမူကား အဆုံးစီရင်စေရန် စည်းရုံးကြ၏။
21. တစ်ဖန် ဘုရင်ခံက “ဤသူနှစ်ယောက်တို့တွင် သင်တို့အတွက် မည်သူ့ကိုလွှတ်ပေးစေလိုသနည်း”ဟု မေးသောအခါ သူတို့က “ဗာရဗ္ဗ”ဟု ဆိုကြ၏။
22. ပိလတ်မင်းက “သို့ဖြစ်လျှင် ခရစ်တော်ဟုခေါ်သောယေရှုကို မည်သို့ပြုရမည်နည်း”ဟု မေးပြန်သော် သူတို့အားလုံးက “လက်ဝါးကပ်တိုင်ပေါ်၌တင်လိုက်ပါ”ဟု ဆိုကြ၏။
23. ပိလတ်မင်းကလည်း “အဘယ်ကြောင့်နည်း။ သူသည် မည်သည့်မကောင်းမှုကိုပြုခဲ့သနည်း”ဟု ပြန်မေးသော်လည်း သူတို့က “သူ့ကိုလက်ဝါးကပ်တိုင်ပေါ်၌တင်လိုက်ပါ”ဟု ပို၍အော်ဟစ်ကြ၏။
24. ထိုအခါ ပိလတ်မင်းသည် မည်သည့်အကျိုးမျှမရှိဘဲ ရုန်းရင်းဆန်ခတ်သာဖြစ်လာသည်ကိုမြင်၍ လူထုပရိသတ်ရှေ့တွင် ရေကိုယူပြီး လက်ကိုဆေးကာ “ဤသူ၏သွေးနှင့် ငါကင်းရှင်း၏။ သင်တို့အမှုကို သင်တို့ဖြေရှင်းရမည်”ဟု ဆို၏။
25. လူအပေါင်းတို့ကလည်း “သူ၏သွေးသည် ငါတို့နှင့်ငါတို့၏သားသမီးများအပေါ် ကျရောက်ပါစေ”ဟု ပြန်ပြောကြ၏။