ရှင်​မဿဲ​ခ​ရစ်​ဝင် 27:11-25 Myanmar Standard Bible (MSB)

11. ယေ​ရှု​သည် ဘု​ရင်​ခံ​ရှေ့​၌ ရပ်​တော်​မူ​ရာ ဘု​ရင်​ခံ​က “သင်​သည် ဂျူး​လူ​မျိုး​တို့​၏​ဘု​ရင်​လော”​ဟု မေး​လေ​၏။ ယေ​ရှု​က​လည်း “သင်​ပြော​သည့်​အ​တိုင်း​ပေ​တည်း”​ဟု မိန့်​တော်​မူ​၏။

12. သို့​သော် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ​နှင့် သက်​ကြီး​ဝါ​ကြီး​တို့​၏​စွပ်​စွဲ​ခြင်း​ကို​ခံ​ရ​သော​အ​ခါ ကိုယ်​တော်​သည် တစ်​စုံ​တစ်​ခု​ကို​မျှ ပြန်​၍​ဖြေ​တော်​မ​မူ။

13. ထို​အ​ခါ ပိ​လတ်​မင်း​သည် ကိုယ်​တော်​အား “သူ​တို့​သည် သင့်​တစ်​ဖက်​၌ မည်​မျှ​လောက်​သက်​သေ​ခံ​ကြ​သည်​ကို သင်​မ​ကြား​သ​လော”​ဟု ဆို​၏။

14. သို့​သော် ကိုယ်​တော်​သည် စ​ကား​တစ်​ခွန်း​ကို​မျှ ပြန်​၍​မိန့်​တော်​မ​မူ​ဘဲ​နေ​သ​ဖြင့် ဘု​ရင်​ခံ​သည် အ​လွန်​အံ့​ဩ​လေ​၏။

15. ဘု​ရင်​ခံ​သည် ထို​ပွဲ​တော်​တွင် လူ​ထု​အ​တွက် သူ​တို့​အ​လို​ရှိ​သည့်​အ​ကျဉ်း​သား​တစ်​ဦး​ကို လွှတ်​ပေး​လေ့​ရှိ​၏။

16. ထို​အ​ချိန်​တွင် ဗာ​ရဗ္ဗ​ဟု​ခေါ်​သည့် ထင်​ပေါ်​ကျော်​ကြား​သော အ​ကျဉ်း​သား​တစ်​ယောက်​ရှိ​၏။

17. သို့​ဖြစ်​၍ လူ​တို့​စု​ဝေး​ကြ​သော​အ​ခါ ပိ​လတ်​မင်း​က “သင်​တို့​အ​တွက် မည်​သူ့​ကို​လွှတ်​ပေး​စေ​လို​သ​နည်း။ ဗာ​ရဗ္ဗ​လော သို့​မ​ဟုတ် ခ​ရစ်​တော်​ဟု​ခေါ်​သော ယေ​ရှု​လော”​ဟု သူ​တို့​အား​မေး​လေ​၏။

18. ထို​သို့​မေး​ခြင်း​မှာ သူ​တို့​သည် မ​လို​မုန်း​ထား​စိတ်​ဖြင့် ယေ​ရှု​ကို​အပ်​နှံ​ကြ​ကြောင်း ပိ​လတ်​မင်း​သိ​သော​ကြောင့်​ဖြစ်​၏။

19. ပိ​လတ်​မင်း​သည် တ​ရား​ပလ္လင်​ပေါ်​၌ ထိုင်​နေ​စဉ် သူ​၏​ဇ​နီး​သည်​သည် သူ့​ထံ​သို့​လူ​လွှတ်​၍ “သင်​သည် ထို​ဖြောင့်​မတ်​သော​သူ​နှင့် မည်​သို့​မျှ မ​ပတ်​သက်​စေ​ပါ​နှင့်။ အ​ကြောင်း​မူ​ကား ထို​သူ​ကြောင့် ယ​နေ့ ကျွန်​မ​သည် အိပ်​မက်​ထဲ​၌ စိတ်​ဒုက္ခ​များ​စွာ​ရောက်​ရ​ပါ​၏”​ဟု မှာ​လိုက်​လေ​၏။

20. ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ​နှင့် သက်​ကြီး​ဝါ​ကြီး​တို့​သည် လူ​ထု​ပ​ရိ​သတ်​အား ဗာ​ရဗ္ဗ​ကို​တောင်း​၍ ယေ​ရှု​ကို​မူ​ကား အ​ဆုံး​စီ​ရင်​စေ​ရန် စည်း​ရုံး​ကြ​၏။

21. တစ်​ဖန် ဘု​ရင်​ခံ​က “ဤ​သူ​နှစ်​ယောက်​တို့​တွင် သင်​တို့​အ​တွက် မည်​သူ့​ကို​လွှတ်​ပေး​စေ​လို​သ​နည်း”​ဟု မေး​သော​အ​ခါ သူ​တို့​က “ဗာ​ရဗ္ဗ”​ဟု ဆို​ကြ​၏။

22. ပိ​လတ်​မင်း​က “သို့​ဖြစ်​လျှင် ခ​ရစ်​တော်​ဟု​ခေါ်​သော​ယေ​ရှု​ကို မည်​သို့​ပြု​ရ​မည်​နည်း”​ဟု မေး​ပြန်​သော် သူ​တို့​အား​လုံး​က “လက်​ဝါး​ကပ်​တိုင်​ပေါ်​၌​တင်​လိုက်​ပါ”​ဟု ဆို​ကြ​၏။

23. ပိ​လတ်​မင်း​က​လည်း “အ​ဘယ်​ကြောင့်​နည်း။ သူ​သည် မည်​သည့်​မ​ကောင်း​မှု​ကို​ပြု​ခဲ့​သ​နည်း”​ဟု ပြန်​မေး​သော်​လည်း သူ​တို့​က “သူ့​ကို​လက်​ဝါး​ကပ်​တိုင်​ပေါ်​၌​တင်​လိုက်​ပါ”​ဟု ပို​၍​အော်​ဟစ်​ကြ​၏။

24. ထို​အ​ခါ ပိ​လတ်​မင်း​သည် မည်​သည့်​အ​ကျိုး​မျှ​မ​ရှိ​ဘဲ ရုန်း​ရင်း​ဆန်​ခတ်​သာ​ဖြစ်​လာ​သည်​ကို​မြင်​၍ လူ​ထု​ပ​ရိ​သတ်​ရှေ့​တွင် ရေ​ကို​ယူ​ပြီး လက်​ကို​ဆေး​ကာ “ဤ​သူ​၏​သွေး​နှင့် ငါ​ကင်း​ရှင်း​၏။ သင်​တို့​အ​မှု​ကို သင်​တို့​ဖြေ​ရှင်း​ရ​မည်”​ဟု ဆို​၏။

25. လူ​အ​ပေါင်း​တို့​က​လည်း “သူ​၏​သွေး​သည် ငါ​တို့​နှင့်​ငါ​တို့​၏​သား​သ​မီး​များ​အ​ပေါ် ကျ​ရောက်​ပါ​စေ”​ဟု ပြန်​ပြော​ကြ​၏။

ရှင်​မဿဲ​ခ​ရစ်​ဝင် 27