8. သင်၏လက် သို့မဟုတ် သင်၏ခြေသည် သင့်ကိုမှားယွင်းစေလျှင် ၎င်းကိုဖြတ်၍ လွှင့်ပစ်လော့။ လက်နှစ်ဖက်သို့မဟုတ် ခြေနှစ်ဖက်ပါလျက် ထာဝရမီးထဲသို့ ပစ်ချခြင်းခံရသည်ထက် လက်တစ်ဖက်သို့မဟုတ် ခြေတစ်ဖက်နှင့် အသက်ရှင်ခြင်းသို့ဝင်စားရသည်က သင့်အတွက် သာ၍ကောင်း၏။
9. ထို့ပြင် သင်၏မျက်စိသည် သင့်ကိုမှားယွင်းစေလျှင် ၎င်းကိုထုတ်၍ လွှင့်ပစ်လော့။ မျက်စိနှစ်လုံးပါလျက် ငရဲမီးထဲသို့ ပစ်ချခြင်းခံရသည်ထက် မျက်စိတစ်လုံးနှင့် အသက်ရှင်ခြင်းသို့ဝင်စားရသည်က သင့်အတွက် သာ၍ကောင်း၏။
10. ဤငယ်သောသူများထဲမှ တစ်စုံတစ်ဦးကို မထီမဲ့မြင်မပြုမိစေရန် သတိပြုကြလော့။ အကြောင်းမူကား ကောင်းကင်ဘုံရှိ သူတို့၏ကောင်းကင်တမန်တို့သည် ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ့ခမည်းတော်၏မျက်နှာတော်ကို အစဉ်မပြတ်ဖူးမြင်ကြရသည်ဟု သင်တို့အား ငါဆို၏။
11. [အမှန်စင်စစ် လူ့သားသည် ပျောက်ဆုံးသောသူတို့ကို ကယ်တင်ရန် ကြွလာ၏။]
12. သင်တို့မည်သို့ထင်ကြသနည်း။ တစ်စုံတစ်ယောက်သောသူ၌ သိုးအကောင်တစ်ရာရှိပြီး ၎င်းတို့ထဲမှ တစ်ကောင်သည် လမ်းလွဲပျောက်ဆုံးလျှင် သူသည် ကိုးဆယ့်ကိုးကောင်ကို တောင်ပေါ်၌ထားခဲ့၍ လမ်းလွဲပျောက်ဆုံးနေသောသိုးကို သွား၍ရှာမည်မဟုတ်လော။
13. သင်တို့အား ငါအမှန်ဆိုသည်ကား သူသည် ထိုသိုးကိုတွေ့လျှင် လမ်းလွဲပျောက်ဆုံးခြင်းမရှိသော ကိုးဆယ့်ကိုးကောင်အတွက် ဝမ်းမြောက်သည်ထက် ထိုသိုးတစ်ကောင်အတွက် ပို၍ဝမ်းမြောက်လိမ့်မည်။
14. ထိုနည်းတူ ကောင်းကင်ဘုံ၌ရှိတော်မူသောသင်တို့အဖသည် ဤငယ်သောသူများထဲမှ တစ်ယောက်ကိုမျှ ပျက်စီးစေရန် အလိုတော်မရှိ။
15. သင်၏ညီအစ်ကိုသည် သင့်အားပြစ်မှားလျှင် သွား၍ နှစ်ကိုယ်ကြား သူ့ကိုဆိုဆုံးမလော့။ သူသည် သင်၏စကားကိုနားထောင်လျှင် သင်၏ညီအစ်ကိုကို သင်ရရှိပြီ။
16. နားမထောင်လျှင်မူကား သက်သေနှစ်ဦး သို့မဟုတ် သုံးဦး၏ထွက်ဆိုချက်အားဖြင့် စကားအားလုံးကိုအတည်ပြုစေရန် အခြားတစ်ဦး သို့မဟုတ် နှစ်ဦးကို သင်နှင့်အတူခေါ်သွားလော့။
17. သူသည် ထိုသူတို့၏စကားကိုဂရုမစိုက်လျှင် အသင်းတော်အား ပြောကြားလော့။ အသင်းတော်၏စကားကိုလည်း ဂရုမစိုက်လျှင် သာသနာပလူမျိုးခြားနှင့်အခွန်ကောက်ခံသူကဲ့သို့ သူ့ကိုမှတ်ယူလော့။
18. သင်တို့အား ငါအမှန်ဆိုမည်။ မြေကြီးပေါ်၌ သင်တို့ချည်နှောင်သမျှသည် ကောင်းကင်ဘုံ၌ ချည်နှောင်ခြင်းခံရလျက်ရှိလိမ့်မည်။ မြေကြီးပေါ်၌ သင်တို့ဖြေလွှတ်သမျှသည်လည်း ကောင်းကင်ဘုံ၌ ဖြေလွှတ်ခြင်းခံရလျက်ရှိလိမ့်မည်။
19. တစ်ဖန် သင်တို့အား ငါအမှန်ဆိုသည်ကား သင်တို့တွင် လူနှစ်ဦးသည် မိမိတို့တောင်းလျှောက်သည့်အရာအားလုံးအတွက် မြေကြီးပေါ်၌ စိတ်သဘောတူကြလျှင် ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ့ခမည်းတော်သည် သူတို့အတွက် ၎င်းကို ပြည့်စုံစေတော်မူလိမ့်မည်။
20. အကြောင်းမူကား လူနှစ်ဦး သို့မဟုတ် သုံးဦးတို့သည် ငါ၏နာမဖြင့် တစ်နေရာရာတွင် စုဝေးကြသောအခါ ထိုနေရာတွင် သူတို့အလယ်၌ ငါရှိ၏”ဟု မိန့်တော်မူ၏။
21. ထိုအခါ ပေတရုသည် အထံတော်သို့ချဉ်းကပ်၍ “သခင်ဘုရား၊ အကျွန်ုပ်၏ညီအစ်ကိုသည် အကျွန်ုပ်ကိုပြစ်မှားသည့်အခါ သူ့ကို အကြိမ်မည်မျှ ခွင့်လွှတ်ရပါမည်နည်း။ ခုနစ်ကြိမ်တိုင်အောင်လော”ဟု မေးလျှောက်လေ၏။
22. ယေရှုကလည်း “ခုနစ်ကြိမ်တိုင်အောင်ဟု ငါမဆိုဘဲ ခုနစ်ကြိမ်ကို ခုနစ်ဆယ်လီတိုင်အောင်ဟု ငါဆို၏။
23. ထို့ကြောင့် ကောင်းကင်နိုင်ငံတော်သည် မိမိအစေအပါးတို့နှင့်စာရင်းရှင်းလိုသော ဘုရင်တစ်ပါးနှင့်တူ၏။
24. သူသည် စာရင်းစတင်ရှင်းသောအခါ တာလန်တစ်သောင်းအကြွေးတင်သူတစ်ယောက်ကို ရှေ့တော်သို့ခေါ်ဆောင်ခဲ့ကြ၏။
25. သို့သော် ထိုသူ၌ အကြွေးဆပ်စရာမရှိသောကြောင့် သူကိုယ်တိုင်မှစ၍ သားမယားနှင့် သူပိုင်ဆိုင်သောအရာအားလုံးတို့ကိုရောင်း၍ အကြွေးဆပ်ရန် သူ့သခင်သည် အမိန့်ချလေ၏။