19. တစ်ဖန် သင်တို့အား ငါအမှန်ဆိုသည်ကား သင်တို့တွင် လူနှစ်ဦးသည် မိမိတို့တောင်းလျှောက်သည့်အရာအားလုံးအတွက် မြေကြီးပေါ်၌ စိတ်သဘောတူကြလျှင် ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ့ခမည်းတော်သည် သူတို့အတွက် ၎င်းကို ပြည့်စုံစေတော်မူလိမ့်မည်။
20. အကြောင်းမူကား လူနှစ်ဦး သို့မဟုတ် သုံးဦးတို့သည် ငါ၏နာမဖြင့် တစ်နေရာရာတွင် စုဝေးကြသောအခါ ထိုနေရာတွင် သူတို့အလယ်၌ ငါရှိ၏”ဟု မိန့်တော်မူ၏။
21. ထိုအခါ ပေတရုသည် အထံတော်သို့ချဉ်းကပ်၍ “သခင်ဘုရား၊ အကျွန်ုပ်၏ညီအစ်ကိုသည် အကျွန်ုပ်ကိုပြစ်မှားသည့်အခါ သူ့ကို အကြိမ်မည်မျှ ခွင့်လွှတ်ရပါမည်နည်း။ ခုနစ်ကြိမ်တိုင်အောင်လော”ဟု မေးလျှောက်လေ၏။
22. ယေရှုကလည်း “ခုနစ်ကြိမ်တိုင်အောင်ဟု ငါမဆိုဘဲ ခုနစ်ကြိမ်ကို ခုနစ်ဆယ်လီတိုင်အောင်ဟု ငါဆို၏။
23. ထို့ကြောင့် ကောင်းကင်နိုင်ငံတော်သည် မိမိအစေအပါးတို့နှင့်စာရင်းရှင်းလိုသော ဘုရင်တစ်ပါးနှင့်တူ၏။
24. သူသည် စာရင်းစတင်ရှင်းသောအခါ တာလန်တစ်သောင်းအကြွေးတင်သူတစ်ယောက်ကို ရှေ့တော်သို့ခေါ်ဆောင်ခဲ့ကြ၏။
25. သို့သော် ထိုသူ၌ အကြွေးဆပ်စရာမရှိသောကြောင့် သူကိုယ်တိုင်မှစ၍ သားမယားနှင့် သူပိုင်ဆိုင်သောအရာအားလုံးတို့ကိုရောင်း၍ အကြွေးဆပ်ရန် သူ့သခင်သည် အမိန့်ချလေ၏။
26. ထိုအခါ ထိုအစေအပါးသည် ပျပ်ဝပ်လျက် သခင်ကိုရှိခိုးကာ ‘အကျွန်ုပ်ကိုသည်းခံတော်မူပါ။ အကြွေးရှိသမျှကို ပြန်ဆပ်ပါမည်’ဟု တောင်းလျှောက်လေ၏။
27. ထိုအစေအပါး၏သခင်သည် ကြင်နာစိတ်ရှိ၍ သူ့ကိုလွှတ်ပေးကာ သူ၏အကြွေးကို လျှော်ပစ်လေ၏။
28. သို့သော် ထိုအစေအပါးသည် ထွက်သွား၍ သူ့ထံ၌ ဒေနာရိတစ်ရာအကြွေးတင်သော အစေအပါးချင်းတစ်ဦးကိုတွေ့လျှင် သူ့ကိုဖမ်း၍ လည်ပင်းညှစ်လျက် ‘သင်ယူထားသောအကြွေးကို ပြန်ဆပ်လော့’ဟု ဆို၏။