ရှင်​မဿဲ​ခ​ရစ်​ဝင် 18:13-26 Myanmar Standard Bible (MSB)

13. သင်​တို့​အား ငါ​အ​မှန်​ဆို​သည်​ကား သူ​သည် ထို​သိုး​ကို​တွေ့​လျှင် လမ်း​လွဲ​ပျောက်​ဆုံး​ခြင်း​မ​ရှိ​သော ကိုး​ဆယ့်​ကိုး​ကောင်​အ​တွက် ဝမ်း​မြောက်​သည်​ထက် ထို​သိုး​တစ်​ကောင်​အ​တွက် ပို​၍​ဝမ်း​မြောက်​လိမ့်​မည်။

14. ထို​နည်း​တူ ကောင်း​ကင်​ဘုံ​၌​ရှိ​တော်​မူ​သော​သင်​တို့​အ​ဖ​သည် ဤ​ငယ်​သော​သူ​များ​ထဲ​မှ တစ်​ယောက်​ကို​မျှ ပျက်​စီး​စေ​ရန် အ​လို​တော်​မ​ရှိ။

15. သင်​၏​ညီ​အစ်​ကို​သည် သင့်​အား​ပြစ်​မှား​လျှင် သွား​၍ နှစ်​ကိုယ်​ကြား သူ့​ကို​ဆို​ဆုံး​မ​လော့။ သူ​သည် သင်​၏​စ​ကား​ကို​နား​ထောင်​လျှင် သင်​၏​ညီ​အစ်​ကို​ကို သင်​ရ​ရှိ​ပြီ။

16. နား​မ​ထောင်​လျှင်​မူ​ကား သက်​သေ​နှစ်​ဦး သို့​မ​ဟုတ် သုံး​ဦး​၏​ထွက်​ဆို​ချက်​အား​ဖြင့် စ​ကား​အား​လုံး​ကို​အ​တည်​ပြု​စေ​ရန် အ​ခြား​တစ်​ဦး သို့​မ​ဟုတ် နှစ်​ဦး​ကို သင်​နှင့်​အ​တူ​ခေါ်​သွား​လော့။

17. သူ​သည် ထို​သူ​တို့​၏​စ​ကား​ကို​ဂ​ရု​မ​စိုက်​လျှင် အ​သင်း​တော်​အား ပြော​ကြား​လော့။ အ​သင်း​တော်​၏​စ​ကား​ကို​လည်း ဂ​ရု​မ​စိုက်​လျှင် သာ​သ​နာ​ပ​လူ​မျိုး​ခြား​နှင့်​အ​ခွန်​ကောက်​ခံ​သူ​ကဲ့​သို့ သူ့​ကို​မှတ်​ယူ​လော့။

18. သင်​တို့​အား ငါ​အ​မှန်​ဆို​မည်။ မြေ​ကြီး​ပေါ်​၌ သင်​တို့​ချည်​နှောင်​သ​မျှ​သည် ကောင်း​ကင်​ဘုံ​၌ ချည်​နှောင်​ခြင်း​ခံ​ရ​လျက်​ရှိ​လိမ့်​မည်။ မြေ​ကြီး​ပေါ်​၌ သင်​တို့​ဖြေ​လွှတ်​သ​မျှ​သည်​လည်း ကောင်း​ကင်​ဘုံ​၌ ဖြေ​လွှတ်​ခြင်း​ခံ​ရ​လျက်​ရှိ​လိမ့်​မည်။

19. တစ်​ဖန် သင်​တို့​အား ငါ​အ​မှန်​ဆို​သည်​ကား သင်​တို့​တွင် လူ​နှစ်​ဦး​သည် မိ​မိ​တို့​တောင်း​လျှောက်​သည့်​အ​ရာ​အား​လုံး​အ​တွက် မြေ​ကြီး​ပေါ်​၌ စိတ်​သ​ဘော​တူ​ကြ​လျှင် ကောင်း​ကင်​ဘုံ​၌​ရှိ​တော်​မူ​သော ငါ့​ခ​မည်း​တော်​သည် သူ​တို့​အ​တွက် ၎င်း​ကို ပြည့်​စုံ​စေ​တော်​မူ​လိမ့်​မည်။

20. အ​ကြောင်း​မူ​ကား လူ​နှစ်​ဦး သို့​မ​ဟုတ် သုံး​ဦး​တို့​သည် ငါ​၏​နာ​မ​ဖြင့် တစ်​နေ​ရာ​ရာ​တွင် စု​ဝေး​ကြ​သော​အ​ခါ ထို​နေ​ရာ​တွင် သူ​တို့​အ​လယ်​၌ ငါ​ရှိ​၏”​ဟု မိန့်​တော်​မူ​၏။

21. ထို​အ​ခါ ပေ​တ​ရု​သည် အ​ထံ​တော်​သို့​ချဉ်း​ကပ်​၍ “သ​ခင်​ဘု​ရား၊ အ​ကျွန်ုပ်​၏​ညီ​အစ်​ကို​သည် အ​ကျွန်ုပ်​ကို​ပြစ်​မှား​သည့်​အ​ခါ သူ့​ကို အ​ကြိမ်​မည်​မျှ ခွင့်​လွှတ်​ရ​ပါ​မည်​နည်း။ ခု​နစ်​ကြိမ်​တိုင်​အောင်​လော”​ဟု မေး​လျှောက်​လေ​၏။

22. ယေ​ရှု​က​လည်း “ခု​နစ်​ကြိမ်​တိုင်​အောင်​ဟု ငါ​မ​ဆို​ဘဲ ခု​နစ်​ကြိမ်​ကို ခု​နစ်​ဆယ်​လီ​တိုင်​အောင်​ဟု ငါ​ဆို​၏။

23. ထို့​ကြောင့် ကောင်း​ကင်​နိုင်​ငံ​တော်​သည် မိ​မိ​အ​စေ​အ​ပါး​တို့​နှင့်​စာ​ရင်း​ရှင်း​လို​သော ဘု​ရင်​တစ်​ပါး​နှင့်​တူ​၏။

24. သူ​သည် စာ​ရင်း​စ​တင်​ရှင်း​သော​အ​ခါ တာ​လန်​တစ်​သောင်း​အ​ကြွေး​တင်​သူ​တစ်​ယောက်​ကို ရှေ့​တော်​သို့​ခေါ်​ဆောင်​ခဲ့​ကြ​၏။

25. သို့​သော် ထို​သူ​၌ အ​ကြွေး​ဆပ်​စ​ရာ​မ​ရှိ​သော​ကြောင့် သူ​ကိုယ်​တိုင်​မှ​စ​၍ သား​မ​ယား​နှင့် သူ​ပိုင်​ဆိုင်​သော​အ​ရာ​အား​လုံး​တို့​ကို​ရောင်း​၍ အ​ကြွေး​ဆပ်​ရန် သူ့​သ​ခင်​သည် အ​မိန့်​ချ​လေ​၏။

26. ထို​အ​ခါ ထို​အ​စေ​အ​ပါး​သည် ပျပ်​ဝပ်​လျက် သ​ခင်​ကို​ရှိ​ခိုး​ကာ ‘အ​ကျွန်ုပ်​ကို​သည်း​ခံ​တော်​မူ​ပါ။ အ​ကြွေး​ရှိ​သ​မျှ​ကို ပြန်​ဆပ်​ပါ​မည်’​ဟု တောင်း​လျှောက်​လေ​၏။

ရှင်​မဿဲ​ခ​ရစ်​ဝင် 18