12. သင်တို့မည်သို့ထင်ကြသနည်း။ တစ်စုံတစ်ယောက်သောသူ၌ သိုးအကောင်တစ်ရာရှိပြီး ၎င်းတို့ထဲမှ တစ်ကောင်သည် လမ်းလွဲပျောက်ဆုံးလျှင် သူသည် ကိုးဆယ့်ကိုးကောင်ကို တောင်ပေါ်၌ထားခဲ့၍ လမ်းလွဲပျောက်ဆုံးနေသောသိုးကို သွား၍ရှာမည်မဟုတ်လော။
13. သင်တို့အား ငါအမှန်ဆိုသည်ကား သူသည် ထိုသိုးကိုတွေ့လျှင် လမ်းလွဲပျောက်ဆုံးခြင်းမရှိသော ကိုးဆယ့်ကိုးကောင်အတွက် ဝမ်းမြောက်သည်ထက် ထိုသိုးတစ်ကောင်အတွက် ပို၍ဝမ်းမြောက်လိမ့်မည်။
14. ထိုနည်းတူ ကောင်းကင်ဘုံ၌ရှိတော်မူသောသင်တို့အဖသည် ဤငယ်သောသူများထဲမှ တစ်ယောက်ကိုမျှ ပျက်စီးစေရန် အလိုတော်မရှိ။
15. သင်၏ညီအစ်ကိုသည် သင့်အားပြစ်မှားလျှင် သွား၍ နှစ်ကိုယ်ကြား သူ့ကိုဆိုဆုံးမလော့။ သူသည် သင်၏စကားကိုနားထောင်လျှင် သင်၏ညီအစ်ကိုကို သင်ရရှိပြီ။
16. နားမထောင်လျှင်မူကား သက်သေနှစ်ဦး သို့မဟုတ် သုံးဦး၏ထွက်ဆိုချက်အားဖြင့် စကားအားလုံးကိုအတည်ပြုစေရန် အခြားတစ်ဦး သို့မဟုတ် နှစ်ဦးကို သင်နှင့်အတူခေါ်သွားလော့။
17. သူသည် ထိုသူတို့၏စကားကိုဂရုမစိုက်လျှင် အသင်းတော်အား ပြောကြားလော့။ အသင်းတော်၏စကားကိုလည်း ဂရုမစိုက်လျှင် သာသနာပလူမျိုးခြားနှင့်အခွန်ကောက်ခံသူကဲ့သို့ သူ့ကိုမှတ်ယူလော့။
18. သင်တို့အား ငါအမှန်ဆိုမည်။ မြေကြီးပေါ်၌ သင်တို့ချည်နှောင်သမျှသည် ကောင်းကင်ဘုံ၌ ချည်နှောင်ခြင်းခံရလျက်ရှိလိမ့်မည်။ မြေကြီးပေါ်၌ သင်တို့ဖြေလွှတ်သမျှသည်လည်း ကောင်းကင်ဘုံ၌ ဖြေလွှတ်ခြင်းခံရလျက်ရှိလိမ့်မည်။
19. တစ်ဖန် သင်တို့အား ငါအမှန်ဆိုသည်ကား သင်တို့တွင် လူနှစ်ဦးသည် မိမိတို့တောင်းလျှောက်သည့်အရာအားလုံးအတွက် မြေကြီးပေါ်၌ စိတ်သဘောတူကြလျှင် ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ့ခမည်းတော်သည် သူတို့အတွက် ၎င်းကို ပြည့်စုံစေတော်မူလိမ့်မည်။
20. အကြောင်းမူကား လူနှစ်ဦး သို့မဟုတ် သုံးဦးတို့သည် ငါ၏နာမဖြင့် တစ်နေရာရာတွင် စုဝေးကြသောအခါ ထိုနေရာတွင် သူတို့အလယ်၌ ငါရှိ၏”ဟု မိန့်တော်မူ၏။
21. ထိုအခါ ပေတရုသည် အထံတော်သို့ချဉ်းကပ်၍ “သခင်ဘုရား၊ အကျွန်ုပ်၏ညီအစ်ကိုသည် အကျွန်ုပ်ကိုပြစ်မှားသည့်အခါ သူ့ကို အကြိမ်မည်မျှ ခွင့်လွှတ်ရပါမည်နည်း။ ခုနစ်ကြိမ်တိုင်အောင်လော”ဟု မေးလျှောက်လေ၏။