20. ကိုယ်တော်ကလည်း “သင်တို့၏မယုံကြည်မှုကြောင့်ဖြစ်၏။ သင်တို့အား ငါအမှန်ဆိုသည်ကား သင်တို့တွင် မုန်ညင်းနက်စေ့ခန့်မျှ ယုံကြည်ခြင်းရှိပါက ဤတောင်ကို ‘ဤနေရာမှ ထိုနေရာသို့ ရွေ့လော့’ဟု ပြောလျှင် ၎င်းသည် ရွေ့သွားလိမ့်မည်။ သင်တို့အတွက် မဖြစ်နိုင်သောအရာလည်း တစ်စုံတစ်ခုမျှရှိမည်မဟုတ်။
21. [သို့သော် ထိုနတ်မျိုးသည် ဆုတောင်းခြင်းနှင့်အစာရှောင်ခြင်းအားဖြင့်မဟုတ်လျှင် မထွက်တတ်]”ဟု မိန့်တော်မူ၏။
22. သူတို့သည် ဂါလိလဲနယ်၌စုရုံးနေကြစဉ် ယေရှုက “လူ့သားသည် လူတို့၏လက်သို့အပ်နှံခြင်းခံရတော့မည်။
23. လူတို့သည်လည်း သူ့ကိုသတ်ကြလိမ့်မည်။ ထို့နောက် သုံးရက်မြောက်သောနေ့၌ သူသည် ထမြောက်လိမ့်မည်”ဟု မိန့်တော်မူရာ တပည့်တော်တို့သည် အလွန်ဝမ်းနည်းကြ၏။
24. ကပေရနောင်မြို့သို့ သူတို့ရောက်ရှိလာကြသောအခါ ဗိမာန်တော်ခွန်ကောက်ခံသောသူတို့သည် ပေတရုထံသို့လာ၍ “သင်တို့၏ဆရာသည် ဗိမာန်တော်ခွန်ကို ပေးဆောင်ပါသလော”ဟု မေးကြ၏။
25. ပေတရုက “ပေးဆောင်ပါသည်”ဟု ဖြေပြီးမှ အိမ်ထဲသို့ဝင်လာရာ ယေရှုက “ရှိမုန်၊ သင်မည်သို့ထင်မြင်သနည်း။ ကမ္ဘာမြေကြီး၏ရှင်ဘုရင်တို့သည် မည်သူ့ထံမှ အခွန်အကောက်များကို ကောက်ခံကြသနည်း။ မိမိတို့၏သားများထံမှလော သို့မဟုတ် သူတစ်ပါးတို့ထံမှလော”ဟု ပေတရုကို ဆီး၍မေးတော်မူ၏။
26. ပေတရုကလည်း “သူတစ်ပါးတို့ထံမှကောက်ခံပါသည်”ဟု လျှောက်သော် ယေရှုက “သို့ဖြစ်လျှင် သားတို့သည် ကင်းလွတ်ခွင့်ရကြ၏။
27. သို့သော် သူတို့ကိုမမှားယွင်းစေရန် ပင်လယ်သို့သွား၍ ငါးမျှားလော့။ ပထမဦးဆုံးမိသည့်ငါးကိုယူ၍ ၎င်း၏ပါးစပ်ကိုဖွင့်လျှင် သတာတဲငွေတစ်ပြားကိုတွေ့လိမ့်မည်။ ၎င်းကိုယူ၍ ငါနှင့်သင့်အတွက် သူတို့အား ပေးဆောင်လော့”ဟု မိန့်တော်မူ၏။