4. အဘယ်ကြောင့်ဆိုသော် ယောဟန်က “သင်သည် ထိုအမျိုးသမီးကို သိမ်းယူခြင်းမှာ တရားတော်နှင့်မညီပါ”ဟု ဟေရုဒ်အား ပြောခဲ့သောကြောင့်ဖြစ်၏။
5. ဟေရုဒ်သည် ယောဟန်ကိုသတ်လိုသော်လည်း လူထုကိုကြောက်လေ၏။ အကြောင်းမူကား သူတို့သည် ယောဟန်ကို ပရောဖက်တစ်ပါးအဖြစ် မှတ်ယူကြ၏။
6. သို့သော် ဟေရုဒ်၏မွေးနေ့ရောက်လာသောအခါ ဟေရောဒိ၏သမီးသည် ဧည့်သည်တော်များရှေ့၌ ကပြလျက် ဟေရုဒ်ကို နှစ်သက်စေ၏။
7. ထို့ကြောင့် ဟေရုဒ်သည် သင်တောင်းသမျှကိုပေးမည်ဟု သူ့အား ကတိသစ္စာပြုလေ၏။
8. ထိုအခါမိန်းကလေးသည် မိခင်၏တိုက်တွန်းချက်အရ “ဗတ္တိဇံဆရာယောဟန်၏ဦးခေါင်းကို ဤလင်ပန်းပေါ်တင်၍ ကျွန်မအားပေးပါ”ဟု တောင်းဆိုလေ၏။
9. မင်းကြီးသည် စိတ်မကောင်းဖြစ်သော်လည်း ပြုထားသောကတိသစ္စာကိုလည်းကောင်း၊ မိမိနှင့်အတူစားသောက်ပွဲ၌ထိုင်နေသောသူတို့၏မျက်နှာကိုလည်းကောင်း ထောက်၍ ပေးလိုက်ရန် အမိန့်ပေးကာ
10. လူကိုစေလွှတ်ပြီး ယောဟန်၏ဦးခေါင်းကို ထောင်ထဲ၌ ဖြတ်စေ၏။
11. ထို့နောက် ယောဟန်၏ဦးခေါင်းကို လင်ပန်းပေါ်တင်၍ ယူလာကာ မိန်းကလေးအားပေးလေသော် သူသည် မိမိ၏မိခင်ထံသို့ ယူဆောင်သွားလေ၏။
12. ထိုအခါ ယောဟန်၏တပည့်တို့သည်လာ၍ အလောင်းကိုယူဆောင်သွားပြီးလျှင် သူ့ကိုသင်္ဂြိုဟ်ကြလေ၏။ ထို့နောက် ယေရှုထံလာ၍ ကြားလျှောက်ကြ၏။
13. ယေရှုသည် ထိုသတင်းကိုကြားသောအခါ ထိုအရပ်မှ လူသူကင်းဝေးရာအရပ်သို့ လှေဖြင့် တစ်ကိုယ်တည်းကြွတော်မူ၏။ သို့သော် လူထုပရိသတ်များသည် ကြားသိလျှင် မြို့ရွာများမှထွက်၍ နောက်တော်သို့ ကုန်းကြောင်းဖြင့်လိုက်ကြ၏။
14. ကိုယ်တော်သည် လှေမှဆင်းသောအခါ များစွာသောလူထုပရိသတ်ကိုမြင်လျှင် သူတို့အပေါ်ကြင်နာစိတ်ရှိတော်မူ၍ မကျန်းမာသောသူတို့ကို ကျန်းမာစေတော်မူ၏။
15. ညနေချမ်းအချိန်ရောက်သောအခါ တပည့်တော်တို့သည် အထံတော်သို့ချဉ်းကပ်၍ “ဤနေရာသည် လူသူကင်းဝေးရာအရပ်ဖြစ်ပြီး အချိန်လည်း လွန်နေပါပြီ။ လူထုပရိသတ်တို့သည် ကျေးရွာများသို့သွား၍ မိမိတို့အတွက် စားစရာများဝယ်ယူနိုင်ရန် သူတို့ကို ပြန်လွှတ်တော်မူပါ”ဟု လျှောက်ကြ၏။
16. သို့သော် ယေရှုက “သူတို့သွားရန်မလို။ သင်တို့ကိုယ်တိုင် သူတို့အား စားစရာပေးကြလော့”ဟု တပည့်တော်တို့အား မိန့်တော်မူ၏။