16. သို့သော် ယေရှုက “သူတို့သွားရန်မလို။ သင်တို့ကိုယ်တိုင် သူတို့အား စားစရာပေးကြလော့”ဟု တပည့်တော်တို့အား မိန့်တော်မူ၏။
17. တပည့်တော်တို့ကလည်း “အကျွန်ုပ်တို့တွင် ဤနေရာ၌ မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်မှတစ်ပါး မည်သည့်အရာမျှမရှိပါ”ဟု ကိုယ်တော်အားလျှောက်ကြ၏။
18. ကိုယ်တော်ကလည်း “၎င်းတို့ကို ငါ့ထံ ဤနေရာသို့ယူခဲ့ကြလော့”ဟု မိန့်တော်မူ၏။
19. ထို့နောက် လူထုပရိသတ်တို့ကို မြက်ခင်းပေါ်ထိုင်ကြရန် အမိန့်ပေးတော်မူ၍ မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ကိုယူလျက် မိုးကောင်းကင်သို့မျှော်ကြည့်ကာ ကျေးဇူးတော်ချီးမွမ်းပြီးလျှင် မုန့်ကိုဖဲ့၍ တပည့်တော်တို့အား ပေးတော်မူ၏။ တပည့်တော်တို့သည်လည်း လူထုပရိသတ်တို့အား ဝေပေးကြ၏။
20. လူအပေါင်းတို့သည် စား၍ဝကြ၏။ ထို့နောက် ကြွင်းကျန်သောမုန့်အကျိုးအပဲ့များကိုကောက်သိမ်းကြရာ တစ်ဆယ့်နှစ်တောင်းအပြည့်ရကြ၏။
21. စားသောသူတို့မှာ အမျိုးသမီးများနှင့်ကလေးသူငယ်များမပါဘဲ ယောက်ျားငါးထောင်ခန့်ရှိ၏။
22. ထို့နောက် ကိုယ်တော်သည် ချက်ချင်းပင် တပည့်တော်တို့ကို လှေပေါ်သို့တက်စေ၍ တစ်ဖက်ကမ်းသို့ မိမိရှေ့မှကူးနှင့်စေတော်မူပြီး တစ်ချိန်တည်းမှာပင် လူထုပရိသတ်များကို ပြန်လွှတ်တော်မူ၏။
23. လူထုပရိသတ်များကို ပြန်လွှတ်ပြီးနောက် ကိုယ်တော်သည် ဆုတောင်းရန် တောင်ပေါ်သို့ တစ်ကိုယ်တည်းတက်တော်မူ၏။ ညနေချမ်းအချိန်ရောက်သောအခါ ထိုနေရာ၌ ကိုယ်တော်တစ်ပါးတည်းရှိတော်မူ၏။
24. ထိုစဉ် လှေသည် ကမ်းမှ အတော်ဝေးကွာနေပြီးလေဆန်ဖြစ်သောကြောင့် လှိုင်းများ၏ရိုက်ခတ်ခြင်းကိုခံနေရ၏။