1. သားသမီးတို့၊ သခင်ဘုရား၌ သင်တို့၏မိဘစကားကို နားထောင်ကြလော့။ အကြောင်းမူကား ထိုသို့ပြုခြင်းသည် မှန်ကန်သောအမှုဖြစ်၏။
4. ဖခင်တို့၊ သင်တို့၏သားသမီးများကို မခံမရပ်နိုင်ဖြစ်အောင် မပြုကြနှင့်။ သခင်ဘုရား၏ဆုံးမပဲ့ပြင်ခြင်းနှင့်သတိပေးခြင်းတို့အတိုင်း သူတို့ကို ပြုစုပျိုးထောင်ကြလော့။
5. ကျွန်ဖြစ်သူတို့၊ ခရစ်တော်ကိုနာခံသကဲ့သို့ ကြောက်ရွံ့တုန်လှုပ်လျက် ရိုးသားသောစိတ်နှလုံးဖြင့် သင်တို့၏လောကီသခင်များကို နာခံကြလော့။
6. မျက်နှာလိုမျက်နှာရလုပ်သူများကဲ့သို့ မျက်မှောက်၌သာ လုပ်ဆောင်ခြင်းမျိုးမဟုတ်ဘဲ ခရစ်တော်၏ကျွန်များကဲ့သို့ စိတ်နှလုံးပါလျက် ဘုရားသခင်၏အလိုတော်ကိုဆောင်ရွက်ကာ
7. လူတို့ကိုမဟုတ်ဘဲ သခင်ဘုရားကိုအစေခံသကဲ့သို့ စေတနာစိတ်ဖြင့် အစေခံကြလော့။
8. ကျွန်ဖြစ်စေ၊ လွတ်လပ်သူဖြစ်စေ၊ ကောင်းသောအမှုတစ်စုံတစ်ခုကိုပြုသောသူတိုင်းသည် သခင်ဘုရားထံမှ အကျိုးခံစားရမည်ဖြစ်ကြောင်း သိမှတ်ကြလော့။
9. သခင်တို့၊ သင်တို့သည်လည်း ကျွန်များအပေါ် ထိုနည်းတူပြုကြလော့။ သူတို့ကိုမခြိမ်းခြောက်ကြနှင့်။ သင်တို့နှင့်သူတို့၏သခင်သည် ကောင်းကင်ဘုံ၌ရှိတော်မူ၍ ထိုသခင်သည် မျက်နှာလိုက်ခြင်းမရှိကြောင်း သိမှတ်ကြလော့။
10. နောက်ဆုံးအနေဖြင့်ဆိုရလျှင် သခင်ဘုရား၌လည်းကောင်း၊ ကိုယ်တော်၏အစွမ်းသတ္တိနှင့်ဆိုင်သော တန်ခိုးအရှိန်အဝါ၌လည်းကောင်း ခွန်အားနှင့်ပြည့်စုံကြလော့။
11. သင်တို့သည် မာရ်နတ်၏လျှို့ဝှက်သောအကြံအစည်များကို ခုခံတားဆီးနိုင်ရန် ဘုရားသခင်၏လက်နက်စုံကို ဆောင်ယူဝတ်ဆင်ကြလော့။
12. အကြောင်းမူကား ငါတို့သည် အသွေးအသားရှိသောသူကို ရင်ဆိုင်တိုက်ခိုက်နေကြသည်မဟုတ်။ အုပ်ချုပ်မှုများ၊ အာဏာစက်များ၊ ဤလောကီမှောင်မိုက်ခြင်းကို အစိုးတရပြုသောမင်းများ၊ အထက်ကောင်းကင်အရပ်၌ရှိသည့် ဆိုးညစ်သောဝိညာဉ်တန်ခိုးများနှင့် ရင်ဆိုင်တိုက်ခိုက်နေကြခြင်းဖြစ်၏။
13. ထို့ကြောင့် ဆိုးညစ်သောနေ့ရက်ကာလ၌ ကြံ့ကြံ့ခံ၍ အလုံးစုံတို့ကိုပြီးမြောက်စေလျက် ရပ်တည်နိုင်ရန် ဘုရားသခင်၏လက်နက်စုံကို ဆောင်ယူကြလော့။
14. သို့ဖြစ်၍ သမ္မာတရားဖြင့် သင်တို့ခါးကိုစည်းလျက် ဖြောင့်မတ်ခြင်းရင်အုပ်တန်ဆာကို ဝတ်ဆင်ကာ
15. ခြေ၌ ငြိမ်သက်ခြင်းနှင့်ဆိုင်သည့် ကောင်းမြတ်သောသတင်းအတွက် အသင့်ဖြစ်ခြင်းကိုစီး၍ ရပ်တည်ကြလော့။