12. ထိုအချိန်က သင်တို့သည် ခရစ်တော်နှင့်ကင်းကွာ၍ အစ္စရေးအမျိုးသားစာရင်းမဝင်၊ ကတိတော်နှင့်ဆိုင်သောပဋိညာဉ်များနှင့်မသက်ဆိုင်၊ ဤလောက၌မျှော်လင့်ခြင်းမရှိ၊ ဘုရားမဲ့လျက်နေခဲ့ကြ၏။
13. သို့သော် တစ်ချိန်က ဝေးကွာလျက်ရှိခဲ့သောသင်တို့သည် ယခုအခါ ခရစ်တော်ယေရှု၌ ခရစ်တော်၏သွေးတော်အားဖြင့် အနီးသို့ရောက်ကြရပြီ။
14. အကြောင်းမူကား ကိုယ်တော်သည် ငါတို့၏သင့်မြတ်ငြိမ်းချမ်းခြင်းအကြောင်းဖြစ်တော်မူ၍ ငါတို့နှစ်မျိုးစလုံးကို တစ်မျိုးတည်းဖြစ်စေပြီး ပိုင်းခြားသောရန်ငြိုးတံတိုင်းကို ဖြိုဖျက်ကာ
15. စည်းမျဉ်းများပါသည့် ပညတ်ချက်တို့နှင့်ဆိုင်သောပညတ်တရားကို မိမိကိုယ်ခန္ဓာတော်အားဖြင့် ပယ်ဖျက်တော်မူ၏။ ဤသည်ကား လူနှစ်မျိုးကို မိမိ၌ တစ်မျိုးတည်းသောလူသစ်အဖြစ် ဖန်ဆင်းလျက် သင့်မြတ်ငြိမ်းချမ်းခြင်းကိုဖြစ်စေကာ
16. လက်ဝါးကပ်တိုင်တွင် ရန်ငြိုးကိုသုတ်သင်ပြီး လက်ဝါးကပ်တိုင်အားဖြင့် ငါတို့နှစ်မျိုးစလုံးကို ကိုယ်ခန္ဓာတစ်ခုတည်း၌ ဘုရားသခင်နှင့်ပြန်လည်သင့်မြတ်စေရန်ဖြစ်၏။
17. ထို့နောက် ကိုယ်တော်သည် ကြွလာတော်မူ၍ အဝေး၌ရှိသောသင်တို့ကိုလည်းကောင်း၊ အနီး၌ရှိသောသူတို့ကိုလည်းကောင်း သင့်မြတ်ငြိမ်းချမ်းခြင်းနှင့်ဆိုင်သည့် ကောင်းမြတ်သောသတင်းကိုဟောပြောတော်မူ၏။
18. ဤသို့ဖြင့် ငါတို့နှစ်မျိုးစလုံးသည် ဝိညာဉ်တော်တစ်ပါးတည်း၌ ခမည်းတော်ထံသို့တိုးဝင်ခွင့်ကို ကိုယ်တော်အားဖြင့်ရရှိကြ၏။
19. ထို့ကြောင့် သင်တို့သည် လူမျိုးခြားများနှင့်သူစိမ်းဧည့်သည်များမဟုတ်တော့ဘဲ သန့်ရှင်းသူတို့နှင့်တစ်မျိုးသားတည်းဖြစ်ကြပြီး ဘုရားသခင်၏အိမ်သူအိမ်သားများဖြစ်ကြ၏။
20. သင်တို့သည် တမန်တော်များနှင့်ပရောဖက်များ၏အုတ်မြစ်ပေါ်တွင် တည်ဆောက်ခြင်းခံရကြ၍ ခရစ်တော်ယေရှုကိုယ်တော်တိုင် ထောင့်ချုပ်ကျောက်ဖြစ်တော်မူ၏။
21. ထိုထောင့်ချုပ်ကျောက်အားဖြင့် အဆောက်အအုံတစ်ခုလုံးသည် အံဝင်ခွင်ကျဆက်စပ်လျက် သခင်ဘုရား၌ သန့်ရှင်းသောဗိမာန်တော်အဖြစ်သို့ တိုးပွားလေ၏။
22. သင်တို့သည်လည်း ဝိညာဉ်တော်အားဖြင့် ဘုရားသခင်ကိန်းဝပ်တော်မူရာအဖြစ်သို့ ထိုသခင်၌ အတူတကွတည်ဆောက်ခြင်းခံရကြ၏။