7. အကြောင်းမူကား ပထမပဋိညာဉ်၌ အပြစ်တင်စရာမရှိခဲ့လျှင် ဒုတိယပဋိညာဉ်သည် လိုအပ်စရာအကြောင်းရှိခဲ့မည်မဟုတ်။
8. သို့သော် ဘုရားသခင်သည် သူတို့ကိုအပြစ်တင်၍ “ထာဝရဘုရားမိန့်တော်မူသည်ကား ကြည့်ရှုလော့။ အစ္စရေးအမျိုးနှင့်လည်းကောင်း၊ ယုဒအမျိုးနှင့်လည်းကောင်း ပဋိညာဉ်သစ်ကို ငါပြုမည့်နေ့ရက်များကျရောက်တော့မည်။
9. ထိုပဋိညာဉ်သည် သူတို့ဘိုးဘေးများ၏လက်ကိုဆွဲ၍ အီဂျစ်ပြည်မှထုတ်ဆောင်လာစဉ်က သူတို့နှင့် ငါပြုခဲ့သောပဋိညာဉ်နှင့်တူလိမ့်မည်မဟုတ်။ သူတို့သည် ငါ၏ပဋိညာဉ်၌မတည်သောကြောင့် ငါသည်လည်း သူတို့ကိုလျစ်လျူရှုထား၏”ဟု ထာဝရဘုရားမိန့်တော်မူ၏။
10. ထာဝရဘုရားက “ထိုနေ့ရက်များနောက်တွင် အစ္စရေးအမျိုးနှင့် ငါပြုမည့်ပဋိညာဉ်ကား ဤသို့တည်း။ ငါသည် ငါ၏ပညတ်တရားတို့ကို သူတို့၏အသိဉာဏ်ထဲတွင် ထည့်သွင်း၍ သူတို့၏စိတ်နှလုံးပေါ်မှာ ရေးထားမည်။ ငါသည် သူတို့၏ဘုရားဖြစ်ပြီး သူတို့သည်လည်း ငါ၏လူမျိုးတော်ဖြစ်ကြလိမ့်မည်။
11. သူတို့အသီးသီးသည် မိမိအမျိုးသားချင်းနှင့် မိမိညီအစ်ကိုချင်းအား ‘ထာဝရဘုရားကိုသိလော့’ဟု သင်ပေးရလိမ့်မည်မဟုတ်။ အကြောင်းမူကား အငယ်ဆုံးသောသူမှစ၍ အကြီးဆုံးသောသူတိုင်အောင် လူအပေါင်းတို့သည် ငါ့ကိုသိကျွမ်းကြလိမ့်မည်။
12. အဘယ်ကြောင့်ဆိုသော် ငါသည် သူတို့၏မတရားမှုများအပေါ်ကရုဏာထား၍ သူတို့၏အပြစ်များကို လုံးဝသတိရတော့မည်မဟုတ်သောကြောင့်ဖြစ်၏”ဟု မိန့်တော်မူ၏။
13. ဘုရားသခင်သည် “ပဋိညာဉ်သစ်”ဟု မိန့်တော်မူခြင်းအားဖြင့် ပထမပဋိညာဉ်ကို ဟောင်းနွမ်းစေတော်မူ၏။ ကြာညောင်း၍ ဟောင်းနွမ်းသောအရာသည် မကြာမီပျောက်ကွယ်သွားလိမ့်မည်။