1. ငါတို့ပြောဆိုနေသော အကြောင်းအရာများ၏အဓိကအချက်ဟူမူကား ငါတို့၌ ဤသို့သောယဇ်ပုရောဟိတ်မင်းရှိသည်ဟူ၍ဖြစ်၏။ ကိုယ်တော်သည် ကောင်းကင်ဘုံရှိ ဘုန်းတန်ခိုးရှင်၏ပလ္လင်တော်လက်ယာဘက်၌ထိုင်လျက်
2. လူကမဟုတ်ဘဲ ထာဝရဘုရားကတည်ဆောက်တော်မူသော စစ်မှန်သည့်တဲတော်နှင့် သန့်ရှင်းရာဌာန၏အမှုကိုထမ်းဆောင်သူဖြစ်တော်မူ၏။
3. ယဇ်ပုရောဟိတ်မင်းအားလုံးသည် ပူဇော်သက္ကာနှင့်ယဇ်တို့ကိုပူဇော်ရန် ခန့်ထားခြင်းခံရသည်ဖြစ်၍ ဤယဇ်ပုရောဟိတ်မင်းသည်လည်း ပူဇော်စရာတစ်စုံတစ်ခုရှိရန်လိုအပ်၏။
4. ကိုယ်တော်သည် ကမ္ဘာမြေကြီးပေါ်တွင်ရှိခဲ့လျှင် ပညတ်တရားအရ ပူဇော်သက္ကာကိုပူဇော်သောသူများရှိနေကြသည်ဖြစ်၍ ယဇ်ပုရောဟိတ်ဖြစ်လိမ့်မည်မဟုတ်။
5. မောရှေသည် တဲတော်ကိုဆောက်လုပ်မည်ပြုစဉ်က “အလုံးစုံတို့ကို တောင်ပေါ်တွင် သင့်အား ငါပြခဲ့သည့်စံနမူနာအတိုင်းပြုလုပ်ရန် သတိပြုလော့”ဟူသောဗျာဒိတ်တော်ကိုရသည့်နည်းတူ ထိုသူတို့သည် အထက်ကောင်းကင်အရပ်၌ရှိသောအရာများ၏နမူနာပုံရိပ်နှင့်ဆိုင်သောဝတ်ကို ပြုကြ၏။
6. သို့သော် ယခုအခါ ကိုယ်တော်သည် သာ၍မြတ်သောကတိတော်များအပေါ်အခြေခံထားသည့် သာ၍မြတ်သောပဋိညာဉ်၏ကြားဝင်စေ့စပ်သူဖြစ်တော်မူသည်နှင့်အညီ သာ၍ထူးမြတ်သောအမှုတော်ကိုရရှိတော်မူ၏။
7. အကြောင်းမူကား ပထမပဋိညာဉ်၌ အပြစ်တင်စရာမရှိခဲ့လျှင် ဒုတိယပဋိညာဉ်သည် လိုအပ်စရာအကြောင်းရှိခဲ့မည်မဟုတ်။