1. ထို့ကြောင့် ဤမျှလောက်များပြားသောသက်သေတို့သည် ငါတို့ကိုဝိုင်းရံလျက်ရှိသည်ဖြစ်၍ ငါတို့သည် လေးသောဝန်နှင့် အလွယ်တကူငြိတွယ်တတ်သည့်သဘောရှိသော အပြစ်ရှိသမျှတို့ကို ဖယ်ရှားလျက် ငါတို့ရှေ့၌ပြင်ဆင်ထားသောပြေးပွဲကို ဇွဲလုံ့လဖြင့်ပြေးကြကုန်စို့။
2. ယုံကြည်ခြင်းကိုအစပြုဖြစ်တည်စေ၍ စုံလင်စေသည့်အရှင်ဖြစ်တော်မူသောယေရှုကို မျက်မှောက်ပြုကြကုန်စို့။ ကိုယ်တော်သည် မိမိရှေ့၌ပြင်ဆင်ထားသောဝမ်းမြောက်ခြင်းကြောင့် ရှက်ဖွယ်ရာများကိုပင် အမှုမထားဘဲ လက်ဝါးကပ်တိုင်၏ဒဏ်ကိုသည်းခံပြီးလျှင် ဘုရားသခင်၏ပလ္လင်တော်လက်ယာဘက်၌ ထိုင်တော်မူ၏။
3. ထို့ကြောင့် သင်တို့သည် စိတ်ပင်ပန်းနွမ်းနယ်၍ စိတ်ပျက်ခြင်းမရှိစေရန် အပြစ်သားတို့၏ ထိုကဲ့သို့သောဆန့်ကျင်မှုကိုသည်းခံတော်မူသောအရှင်ကို အောက်မေ့ဆင်ခြင်ကြလော့။
4. သင်တို့သည် အပြစ်နှင့်တိုက်ခိုက်ရာတွင် သွေးမြေကျသည့်တိုင်အောင် ခုခံတွန်းလှန်ခြင်းကိုမပြုရကြသေး။
5. ထို့ပြင် “ငါ့သား၊ ထာဝရဘုရား၏ဆုံးမပဲ့ပြင်တော်မူခြင်းကို အလေးမထားဘဲမနေနှင့်။ ကိုယ်တော်၏ဆိုဆုံးမခြင်းကိုခံရသောအခါ စိတ်မပျက်နှင့်။
6. အကြောင်းမူကား ထာဝရဘုရားသည် ချစ်တော်မူသောသူကို ဆုံးမပဲ့ပြင်တတ်၏။ လက်ခံတော်မူသမျှသောသားတို့ကို ဒဏ်ခတ်ရိုက်နှက်တတ်၏”ဟု သားကိုမိန့်တော်မူသကဲ့သို့ သင်တို့အားမိန့်တော်မူသော တိုက်တွန်းအားပေးစကားကို သင်တို့မေ့လျော့ကြပြီ။
7. ဘုရားသခင်သည် သင်တို့ကို သားကဲ့သို့ ပြုမူဆက်ဆံတော်မူသည်ဖြစ်၍ သင်တို့သည် ဆုံးမပဲ့ပြင်တော်မူခြင်းကို သည်းခံကြရမည်။ အကြောင်းမူကား ဖခင်မဆုံးမ မပဲ့ပြင်သောသားဟူ၍ရှိသလော။
8. လူတိုင်းခံရသောဆုံးမပဲ့ပြင်ခြင်းကို သင်တို့မခံရဘဲနေလျှင် သင်တို့သည် သားအရင်းမဟုတ်။ တရားမဝင်သောသားများသာဖြစ်ကြ၏။
9. ထို့ပြင် ငါတို့တွင် ဆုံးမပဲ့ပြင်ပေးသောလူသားဖခင်ရှိ၍ သူတို့ကို ငါတို့ရိုသေလေးစားကြသည်ဆိုလျှင် ဝိညာဉ်ရေးဆိုင်ရာဖခင်ကို ပို၍ပင် နာခံရမည်မဟုတ်လော။ ထိုအခါ ငါတို့သည် အသက်ချမ်းသာရာရကြလိမ့်မည်။