ဟေ​ဗြဲ​ဩ​ဝါ​ဒ​စာ 12:1-14 Myanmar Standard Bible (MSB)

1. ထို့​ကြောင့် ဤ​မျှ​လောက်​များ​ပြား​သော​သက်​သေ​တို့​သည် ငါ​တို့​ကို​ဝိုင်း​ရံ​လျက်​ရှိ​သည်​ဖြစ်​၍ ငါ​တို့​သည် လေး​သော​ဝန်​နှင့် အ​လွယ်​တ​ကူ​ငြိ​တွယ်​တတ်​သည့်​သ​ဘော​ရှိ​သော အ​ပြစ်​ရှိ​သ​မျှ​တို့​ကို ဖယ်​ရှား​လျက် ငါ​တို့​ရှေ့​၌​ပြင်​ဆင်​ထား​သော​ပြေး​ပွဲ​ကို ဇွဲ​လုံ့​လ​ဖြင့်​ပြေး​ကြ​ကုန်​စို့။

2. ယုံ​ကြည်​ခြင်း​ကို​အ​စ​ပြု​ဖြစ်​တည်​စေ​၍ စုံ​လင်​စေ​သည့်​အ​ရှင်​ဖြစ်​တော်​မူ​သော​ယေ​ရှု​ကို မျက်​မှောက်​ပြု​ကြ​ကုန်​စို့။ ကိုယ်​တော်​သည် မိ​မိ​ရှေ့​၌​ပြင်​ဆင်​ထား​သော​ဝမ်း​မြောက်​ခြင်း​ကြောင့် ရှက်​ဖွယ်​ရာ​များ​ကို​ပင် အ​မှု​မ​ထား​ဘဲ လက်​ဝါး​ကပ်​တိုင်​၏​ဒဏ်​ကို​သည်း​ခံ​ပြီး​လျှင် ဘု​ရား​သ​ခင်​၏​ပလ္လင်​တော်​လက်​ယာ​ဘက်​၌ ထိုင်​တော်​မူ​၏။

3. ထို့​ကြောင့် သင်​တို့​သည် စိတ်​ပင်​ပန်း​နွမ်း​နယ်​၍ စိတ်​ပျက်​ခြင်း​မ​ရှိ​စေ​ရန် အ​ပြစ်​သား​တို့​၏ ထို​ကဲ့​သို့​သော​ဆန့်​ကျင်​မှု​ကို​သည်း​ခံ​တော်​မူ​သော​အ​ရှင်​ကို အောက်​မေ့​ဆင်​ခြင်​ကြ​လော့။

4. သင်​တို့​သည် အ​ပြစ်​နှင့်​တိုက်​ခိုက်​ရာ​တွင် သွေး​မြေ​ကျ​သည့်​တိုင်​အောင် ခု​ခံ​တွန်း​လှန်​ခြင်း​ကို​မ​ပြု​ရ​ကြ​သေး။

5. ထို့​ပြင် “ငါ့​သား၊ ထာ​ဝ​ရ​ဘု​ရား​၏​ဆုံး​မ​ပဲ့​ပြင်​တော်​မူ​ခြင်း​ကို အ​လေး​မ​ထား​ဘဲ​မ​နေ​နှင့်။ ကိုယ်​တော်​၏​ဆို​ဆုံး​မ​ခြင်း​ကို​ခံ​ရ​သော​အ​ခါ စိတ်​မ​ပျက်​နှင့်။

6. အ​ကြောင်း​မူ​ကား ထာ​ဝ​ရ​ဘု​ရား​သည် ချစ်​တော်​မူ​သော​သူ​ကို ဆုံး​မ​ပဲ့​ပြင်​တတ်​၏။ လက်​ခံ​တော်​မူ​သ​မျှ​သော​သား​တို့​ကို ဒဏ်​ခတ်​ရိုက်​နှက်​တတ်​၏”​ဟု သား​ကို​မိန့်​တော်​မူ​သ​ကဲ့​သို့ သင်​တို့​အား​မိန့်​တော်​မူ​သော တိုက်​တွန်း​အား​ပေး​စ​ကား​ကို သင်​တို့​မေ့​လျော့​ကြ​ပြီ။

7. ဘု​ရား​သ​ခင်​သည် သင်​တို့​ကို သား​ကဲ့​သို့ ပြု​မူ​ဆက်​ဆံ​တော်​မူ​သည်​ဖြစ်​၍ သင်​တို့​သည် ဆုံး​မ​ပဲ့​ပြင်​တော်​မူ​ခြင်း​ကို သည်း​ခံ​ကြ​ရ​မည်။ အ​ကြောင်း​မူ​ကား ဖ​ခင်​မ​ဆုံး​မ မ​ပဲ့​ပြင်​သော​သား​ဟူ​၍​ရှိ​သ​လော။

8. လူ​တိုင်း​ခံ​ရ​သော​ဆုံး​မ​ပဲ့​ပြင်​ခြင်း​ကို သင်​တို့​မ​ခံ​ရ​ဘဲ​နေ​လျှင် သင်​တို့​သည် သား​အ​ရင်း​မ​ဟုတ်။ တ​ရား​မ​ဝင်​သော​သား​များ​သာ​ဖြစ်​ကြ​၏။

9. ထို့​ပြင် ငါ​တို့​တွင် ဆုံး​မ​ပဲ့​ပြင်​ပေး​သော​လူ​သား​ဖ​ခင်​ရှိ​၍ သူ​တို့​ကို ငါ​တို့​ရို​သေ​လေး​စား​ကြ​သည်​ဆို​လျှင် ဝိ​ညာဉ်​ရေး​ဆိုင်​ရာ​ဖ​ခင်​ကို ပို​၍​ပင် နာ​ခံ​ရ​မည်​မ​ဟုတ်​လော။ ထို​အ​ခါ ငါ​တို့​သည် အ​သက်​ချမ်း​သာ​ရာ​ရ​ကြ​လိမ့်​မည်။

10. အ​ကြောင်း​မူ​ကား လူ​သား​ဖ​ခင်​တို့​သည် ကောင်း​သည်​ဟု မိ​မိ​တို့​ထင်​မြင်​သည့်​အ​တိုင်း ခ​ဏ​သာ​ဆုံး​မ​ပဲ့​ပြင်​တတ်​ကြ​၏။ ဝိ​ညာဉ်​ရေး​ဆိုင်​ရာ​ဖ​ခင်​မူ​ကား သူ​၏​သန့်​ရှင်း​ခြင်း​၌ ငါ​တို့​ပါ​ဝင်​ခံ​စား​ရ​မည့်​အ​ကြောင်း ငါ​တို့​အ​ကျိုး​ကို​ထောက်​၍ ဆုံး​မ​ပဲ့​ပြင်​တော်​မူ​၏။

11. ဆုံး​မ​ပဲ့​ပြင်​ခြင်း​ဟူ​သ​မျှ​သည် ခံ​ရ​စဉ်​တွင် ဝမ်း​မြောက်​စ​ရာ​မ​ဟုတ်​ဘဲ ဝမ်း​နည်း​စ​ရာ​ဖြစ်​သည်​ဟု ထင်​ရ​တတ်​၏။ သို့​သော် ထို​ဆုံး​မ​ပဲ့​ပြင်​ခြင်း​အား​ဖြင့် လေ့​ကျင့်​ပေး​ခြင်း​ခံ​ရ​သော​သူ​တို့​သည် နောက်​မှ ဖြောင့်​မတ်​ခြင်း​နှင့်​ဆိုင်​သည့် ငြိမ်း​ချမ်း​သော​အ​ကျိုး​ကျေး​ဇူး​ကို ပြန်​လည်​ခံ​စား​ရ​ကြ​၏။

12. ထို့​ကြောင့် အား​အင်​ကုန်​ခန်း​နေ​သော​လက်​များ​နှင့် ချည့်​နဲ့​နေ​သော​ဒူး​များ​ကို ခိုင်​ခံ့​တည့်​မတ်​စေ​ကြ​လော့။

13. ခြေ​မ​သန်​စွမ်း​သူ​တို့​သည် အ​ဆစ်​လွဲ​ခြင်း​မ​ရှိ​ဘဲ အ​ကောင်း​ပ​က​တိ​ဖြစ်​လာ​စေ​ရန် သင်​တို့​၏​ခြေ​အ​တွက် ဖြောင့်​သော​လမ်း​တို့​ကို​ပြင်​ဆင်​ကြ​လော့။

14. လူ​အ​ပေါင်း​တို့​နှင့်​ငြိမ်း​ချမ်း​စွာ​နေ​ထိုင်​ရန်​နှင့် သန့်​ရှင်း​ခြင်း​ကို​ရ​ရှိ​ရန် ကြိုး​စား​ကြ​လော့။ သန့်​ရှင်း​ခြင်း​မ​ရှိ​လျှင် မည်​သူ​မျှ ထာ​ဝ​ရ​ဘု​ရား​ကို​ဖူး​မြင်​ရ​လိမ့်​မည်​မ​ဟုတ်။

ဟေ​ဗြဲ​ဩ​ဝါ​ဒ​စာ 12