16. သို့သော် အမှန်အားဖြင့် သူတို့သည် အထက်ကောင်းကင်အရပ်၌ရှိသည့်ပြည်တည်းဟူသော သာ၍မြတ်သောပြည်ကို အလွန်တောင့်တနေကြ၏။ ထို့ကြောင့် ဘုရားသခင်သည် သူတို့၏ဘုရားဟုခေါ်ဝေါ်ခြင်းခံရသည်ကို ရှက်တော်မမူ။ အကြောင်းမူကား ကိုယ်တော်သည် သူတို့အတွက် မြို့တော်ကိုပြင်ဆင်ထားတော်မူ၏။
17. အာဗြဟံသည် စမ်းသပ်စစ်ဆေးခြင်းကိုခံရသောအခါ ယုံကြည်ခြင်းအားဖြင့် ဣဇက်ကိုပူဇော်၏။ ကတိတော်များကိုရရှိထားသောသူသည် တစ်ဦးတည်းသောသားကိုပူဇော်ရန်ပြင်ဆင်၏။
18. ထိုသားနှင့်ပတ်သက်၍ “ဣဇက်မှဆင်းသက်သောသူသည် သင်၏အမျိုးအနွယ်ဟူ၍ ခေါ်ဝေါ်ခြင်းခံရလိမ့်မည်”ဟု မြွက်ဆိုထား၏။
19. ဘုရားသခင်သည် သေလွန်သောသူတို့ကိုပင် ထမြောက်စေနိုင်သည်ဟု သူသည်မှတ်ယူလျက် ထိုသို့ပူဇော်၏။ ပုံဥပမာအဖြစ်ဆိုရလျှင် သူသည် ထိုသားကို သေသောသူတို့ထဲမှ ပြန်ရခဲ့၏။
20. ယုံကြည်ခြင်းအားဖြင့် ဣဇက်သည် နောင်ဖြစ်မည့်အရာများနှင့်ပတ်သက်၍ ယာကုပ်နှင့်ဧသောတို့ကို ကောင်းချီးပေး၏။
21. ယာကုပ်သည် သေချိန်နီးစဉ်တွင် ယုံကြည်ခြင်းအားဖြင့် ယောသပ်၏သားတစ်ဦးစီကို ကောင်းချီးပေး၍ မိမိတောင်ဝှေးထိပ်ကိုမှီလျက်ရှိခိုးလေ၏။
22. ယောသပ်သည် သေချိန်နီးစဉ်တွင် ယုံကြည်ခြင်းအားဖြင့် အစ္စရေးအမျိုးသားတို့၏ထွက်မြောက်ခြင်းအကြောင်းကို ပြောပြလျက် မိမိ၏အရိုးများနှင့်ပတ်သက်၍ မှာကြားခဲ့၏။
23. မောရှေဖွားမြင်သောအခါ အဆင်းလှသောသူငယ်ဖြစ်ကြောင်း သူ၏မိဘတို့မြင်သဖြင့် ရှင်ဘုရင်၏အမိန့်တော်ကိုပင်မကြောက်ဘဲ ယုံကြည်ခြင်းအားဖြင့် သူ့ကိုသုံးလပတ်လုံးဝှက်ထားကြ၏။
24. မောရှေသည် အရွယ်ရောက်သောအခါ ဖာရောဘုရင်သမီးတော်၏သားဟုခေါ်ဝေါ်ခြင်းခံရသည်ကိုငြင်းပယ်၍
25. အပြစ်နှင့်ဆိုင်သောပျော်ရွှင်မှုကို ခဏသာခံစားရခြင်းထက် ဘုရားသခင်၏လူမျိုးတော်နှင့်အတူ ဆင်းရဲဒုက္ခခံရခြင်းကို ယုံကြည်ခြင်းအားဖြင့်ရွေးချယ်၏။