6. သို့ဖြစ်၍ အခြားသောသူများကဲ့သို့ အိပ်ပျော်ခြင်းမရှိဘဲ သမ္မာသတိရှိလျက် နိုးကြားစွာစောင့်နေကြကုန်စို့။
7. အကြောင်းမူကား အိပ်ပျော်သောသူတို့သည် ညအခါ၌ အိပ်ပျော်တတ်ကြ၏။ ယစ်မူးသောသူတို့သည်လည်း ညအခါ၌ ယစ်မူးတတ်ကြ၏။
8. ငါတို့မူကား နေ့နှင့်စပ်ဆိုင်ကြသည်ဖြစ်၍ ယုံကြည်ခြင်းနှင့်ချစ်ခြင်းမေတ္တာတို့ကို ရင်အုပ်တန်ဆာအဖြစ်ဝတ်ဆင်လျက် ကယ်တင်ခြင်း၌မျှော်လင့်ခြင်းကို သံခမောက်အဖြစ်ဆောင်းကာ သမ္မာသတိရှိကြကုန်စို့။
9. အကြောင်းမူကား ဘုရားသခင်သည် ငါတို့ကို အမျက်တော်သက်ရောက်စေရန် သတ်မှတ်ထားတော်မူသည်မဟုတ်ဘဲ ငါတို့၏သခင်ယေရှုခရစ်တော်အားဖြင့် ကယ်တင်ခြင်းကိုရရှိစေရန် သတ်မှတ်ထားတော်မူ၏။
10. ငါတို့သည် နိုးနေသည်ဖြစ်စေ၊ အိပ်ပျော်နေသည်ဖြစ်စေ၊ ကိုယ်တော်နှင့်အတူ အသက်ရှင်မည့်အကြောင်း ကိုယ်တော်သည် ငါတို့အတွက် အသေခံတော်မူ၏။
11. ထို့ကြောင့် ယခုသင်တို့ပြုနေသည့်အတိုင်း အချင်းချင်းတိုက်တွန်းနှိုးဆော်၍ တစ်ဦးကိုတစ်ဦး တည်ဆောက်မြှင့်တင်ပေးကြလော့။
12. ညီအစ်ကိုတို့၊ သင်တို့ထဲတွင် ကြိုးစားအားထုတ်၍ သခင်ဘုရား၌ သင်တို့ကို စီမံအုပ်ချုပ်လျက် သတိပေးဆုံးမနေကြသောသူများကို ကြည်ညိုလေးစားကြရန်လည်းကောင်း၊
13. သူတို့လုပ်ဆောင်သောအမှုအတွက် မေတ္တာစိတ်နှင့် သူတို့ကိုအထူးတန်ဖိုးထားကြရန်လည်းကောင်း သင်တို့အား ငါတို့တောင်းပန်ကြ၏။ သင်တို့အချင်းချင်းသင့်မြတ်စွာနေကြလော့။
14. ညီအစ်ကိုတို့၊ သင်တို့အား ငါတို့တိုက်တွန်းနှိုးဆော်သည်ကား စည်းမဲ့ကမ်းမဲ့နေသောသူတို့ကို သတိပေးဆုံးမကြလော့။ စိတ်အားငယ်သောသူတို့ကို နှစ်သိမ့်ကြလော့။ အားနည်းသောသူတို့ကို ထောက်မကြလော့။ လူအပေါင်းတို့အပေါ် စိတ်ရှည်သည်းခံကြလော့။
15. မည်သူမျှ သူတစ်ပါးအပေါ် အဆိုးကိုအဆိုးဖြင့်မတုံ့ပြန်ကြစေရန် သတိပြုကြလော့။ အချင်းချင်းအတွက်လည်းကောင်း၊ လူအပေါင်းတို့အတွက်လည်းကောင်း ကောင်းကျိုးကိုသာ အစဉ်ကြိုးစားပြုကြလော့။
16. အစဉ်ဝမ်းမြောက်ကြလော့။
17. အမြဲမပြတ်ဆုတောင်းကြလော့။
18. အရာရာ၌ ကျေးဇူးတော်ချီးမွမ်းကြလော့။ အကြောင်းမူကား သင်တို့သည် ထိုသို့ပြုကြရန် ခရစ်တော်ယေရှု၌ ဘုရားသခင်အလိုရှိတော်မူ၏။
19. ဝိညာဉ်တော်၏အရှိန်ကို မငြိမ်းစေကြနှင့်။