1. သို့ရာတွင် ညီအစ်ကိုတို့၊ ထိုအချိန်အခါနှင့်ကာလများအကြောင်းကို သင်တို့ထံရေးသားရန် မလိုအပ်ပေ။
2. အကြောင်းမူကား သူခိုးသည် ညအချိန်၌လာသကဲ့သို့ သခင်ဘုရား၏နေ့ရက်သည် ရောက်လာမည်ဖြစ်ကြောင်း သင်တို့ကိုယ်တိုင် သေချာစွာသိကြ၏။
3. “ငြိမ်းချမ်းမှုနှင့်လုံခြုံမှုရှိသည်”ဟု လူတို့ပြောဆိုနေကြသည့်အချိန်၌ပင် ကိုယ်ဝန်ဆောင်အမျိုးသမီး၌ သားဖွားခြင်းဝေဒနာရောက်လာသကဲ့သို့ ပျက်စီးခြင်းသည် သူတို့အပေါ် ရုတ်တရက်ရောက်လာ၍ သူတို့သည် လုံးဝလွတ်မြောက်နိုင်မည်မဟုတ်။
4. သို့သော် ညီအစ်ကိုတို့၊ သင်တို့သည် အမှောင်ထဲ၌မရှိသောကြောင့် ထိုနေ့ရက်သည် သူခိုးကဲ့သို့ သင်တို့ကို အငိုက်ဖမ်းလိမ့်မည်မဟုတ်။
5. အကြောင်းမူကား သင်တို့အားလုံးသည် အလင်း၏သားသမီးများ၊ နေ့၏သားသမီးများဖြစ်ကြ၏။ ငါတို့သည် ညနှင့်ဖြစ်စေ၊ အမှောင်နှင့်ဖြစ်စေ စပ်ဆိုင်ကြသည်မဟုတ်။
6. သို့ဖြစ်၍ အခြားသောသူများကဲ့သို့ အိပ်ပျော်ခြင်းမရှိဘဲ သမ္မာသတိရှိလျက် နိုးကြားစွာစောင့်နေကြကုန်စို့။
7. အကြောင်းမူကား အိပ်ပျော်သောသူတို့သည် ညအခါ၌ အိပ်ပျော်တတ်ကြ၏။ ယစ်မူးသောသူတို့သည်လည်း ညအခါ၌ ယစ်မူးတတ်ကြ၏။
8. ငါတို့မူကား နေ့နှင့်စပ်ဆိုင်ကြသည်ဖြစ်၍ ယုံကြည်ခြင်းနှင့်ချစ်ခြင်းမေတ္တာတို့ကို ရင်အုပ်တန်ဆာအဖြစ်ဝတ်ဆင်လျက် ကယ်တင်ခြင်း၌မျှော်လင့်ခြင်းကို သံခမောက်အဖြစ်ဆောင်းကာ သမ္မာသတိရှိကြကုန်စို့။