4. သင်တို့တစ်ဦးစီသည် သန့်ရှင်းခြင်းနှင့်ဂုဏ်သရေရှိခြင်းတို့၌ မိမိကိုယ်ခန္ဓာအား မည်သို့ထိန်းသိမ်းရမည်ကို သိရှိ၍
5. ဘုရားသခင်ကိုမသိသောလူမျိုးခြားတို့ကဲ့သို့ ကိလေသာတပ်မက်ခြင်းထဲ၌ နစ်မွန်းခြင်းမရှိကြရန်နှင့်
6. ထိုအမှုအရာမျိုး၌ မိမိညီအစ်ကိုအပေါ်စည်းဖောက်၍ အခွင့်ကောင်းမယူကြရန်ဖြစ်၏။ အကြောင်းမူကား ငါတို့သည် သင်တို့ကို သတိပေး၍ ကြိုတင်ပြောထားခဲ့သည့်အတိုင်း သခင်ဘုရားသည် ဤအမှုအရာအားလုံးအတွက် အပြစ်ဒဏ်ပေးတော်မူလိမ့်မည်။
7. အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ငါတို့ကို ညစ်ညူးခြင်းထဲသို့ ခေါ်တော်မူသည်မဟုတ်ဘဲ သန့်ရှင်းခြင်းထဲသို့ ခေါ်တော်မူ၏။
8. ထို့ကြောင့် ဤညွှန်ကြားချက်ကို ငြင်းပယ်သောသူသည် လူကိုမဟုတ်ဘဲ သင်တို့အား မိမိ၏သန့်ရှင်းသောဝိညာဉ်တော်ကိုပေးတော်မူသောဘုရားသခင်ကို ငြင်းပယ်၏။
9. ညီအစ်ကိုချင်းချစ်သောမေတ္တာနှင့်ပတ်သက်၍မူကား သင်တို့ထံရေးသားရန် မလိုအပ်ပေ။ အကြောင်းမှာ သင်တို့ကိုယ်တိုင်သည် အချင်းချင်းချစ်ကြရန် ဘုရားသခင်ထံမှ သင်ယူထားသောသူများဖြစ်ကြ၏။
10. အမှန်စင်စစ် သင်တို့သည် မာကေဒေါနိပြည်တစ်ဝန်းလုံးရှိ ညီအစ်ကိုအားလုံးတို့အပေါ် ထိုမေတ္တာကိုပြကြပြီ။ သို့ရာတွင် ညီအစ်ကိုတို့၊ ထိုမေတ္တာကို ပို၍ပြည့်စုံစွာပြကြရန်လည်းကောင်း၊
11. သင်တို့အား ငါတို့ညွှန်ကြားခဲ့သည့်အတိုင်း အေးဆေးတည်ငြိမ်စွာနေထိုင်နိုင်ရန် ရည်မှန်းကြိုးစားလျက် မိမိကိစ္စများကိုအာရုံစိုက်၍ မိမိတို့လက်ဖြင့်အလုပ်လုပ်ကြရန်လည်းကောင်း ငါတို့တိုက်တွန်းနှိုးဆော်ပါ၏။
12. ဤသည်ကား သင်တို့သည် ပြင်ပလူတို့ရှေ့၌ တင့်တယ်လျောက်ပတ်စွာအသက်ရှင်လျှောက်လှမ်း၍ သင်တို့၌ မည်သည့်လိုအပ်ချက်မျှမရှိစေရန်အတွက်ဖြစ်၏။