2. ဝိညာဉ်အားဖြင့်ဖြစ်စေ၊ နှုတ်ထွက်စကားအားဖြင့်ဖြစ်စေ၊ ငါတို့စာကဲ့သို့သောစာအားဖြင့်ဖြစ်စေ သခင်ဘုရား၏နေ့ရက်ကျရောက်ပြီဖြစ်သည့်ပုံမျိုးပြောဆိုကြသော်လည်း စိတ်ထဲ၌ အလျင်အမြန်တုန်လှုပ်ခြင်း သို့မဟုတ် စိုးရိမ်ထိတ်လန့်ခြင်းမရှိကြရန် သင်တို့အား ငါတို့တောင်းပန်ကြ၏။
3. မည်သူမျှ သင်တို့ကို မည်သည့်နည်းနှင့်မျှ မလှည့်ဖြားစေနှင့်။ အဘယ်ကြောင့်ဆိုသော် ဖောက်ပြန်သွေဖည်မှုသည် ဦးစွာဖြစ်လာ၍ ပျက်စီးခြင်း၏သားတည်းဟူသော တရားမဲ့ခြင်းနှင့်ဆိုင်သောသူသည် ထင်ရှားမလာမီ ထိုနေ့ရက်သည် ရောက်လာမည်မဟုတ်။
4. ထိုသူသည် ဘုရားဟုခေါ်ဝေါ်သောအရာနှင့် ကိုးကွယ်ခြင်းခံရသောအရာအားလုံးကို ဆန့်ကျင်လျက် ၎င်းတို့အပေါ် မိမိကိုယ်ကိုချီးမြှောက်ကာ ဘုရားသခင်၏ဗိမာန်တော်၌ထိုင်၍ မိမိကိုယ်ကိုဘုရားဖြစ်သည်ဟု ကြေညာလိမ့်မည်။
5. သင်တို့နှင့်အတူရှိနေစဉ်က ဤအရာများကို သင်တို့အား ငါပြောခဲ့ကြောင်း သင်တို့သတိမရကြသလော။
6. ထိုသူကို မိမိအချိန်အခါ၌ထင်ရှားစေရန် ယခု သူ့ကိုတားဆီးထားသောသူရှိကြောင်း သင်တို့သိကြ၏။
7. အကြောင်းမူကား တရားမဲ့ခြင်းနှင့်ဆိုင်သည့် လျှို့ဝှက်နက်နဲသောအရာသည် လှုပ်ရှားနေပြီဖြစ်၏။ သို့သော် ယခုတားဆီးထားသောသူသည် ဖယ်ရှားခြင်းခံရသည်အထိ တားဆီးလိမ့်မည်။
8. ထို့နောက် တရားမဲ့သောသူသည် ထင်ရှားလာလိမ့်မည်။ သခင်ယေရှုသည် ထိုသူကို မိမိနှုတ်တော်မှထွက်သက်လေအားဖြင့် ကွပ်မျက်၍ မိမိကြွလာတော်မူခြင်း၏ရောင်ခြည်အားဖြင့် ပယ်ဖျက်တော်မူလိမ့်မည်။
9. တရားမဲ့သောသူသည် စာတန်၏လုပ်ဆောင်မှုအားဖြင့် ရောက်ရှိလာမည်ဖြစ်၍ လိမ်လည်ခြင်းနှင့်ဆိုင်သောတန်ခိုး၊ နိမိတ်လက္ခဏာနှင့် အံ့ဩဖွယ်ရာအမျိုးမျိုးတို့ဖြင့်လည်းကောင်း၊
10. ပျက်စီးခြင်းသို့ရောက်မည့်သူတို့အတွက် မတရားမှုနှင့်ဆိုင်သောလှည့်ဖြားခြင်းအမျိုးမျိုးတို့ဖြင့်လည်းကောင်း ရောက်ရှိလာမည်။ သူတို့ပျက်စီးခြင်းသို့ရောက်ကြသည်မှာ မိမိတို့အားကယ်တင်ခြင်းရရှိစေသည့်သမ္မာတရားကိုချစ်ရန် ငြင်းပယ်ကြသောကြောင့်ဖြစ်၏။
11. ထို့ကြောင့် လိမ်လည်မှုကို သူတို့ယုံကြည်ကြစေရန် ဘုရားသခင်သည် လှည့်ဖြားခြင်းတန်ခိုးကို သူတို့ထံသို့ စေလွှတ်တော်မူ၏။
12. ဤသည်ကား သမ္မာတရားကိုမယုံကြည်ဘဲ မတရားမှုကိုနှစ်သက်သောသူအားလုံး စီရင်ခြင်းခံရမည့်အကြောင်းတည်း။