13. အခွန်ကောက်ခံသူမူကား အဝေး၌ရပ်လျက် ကောင်းကင်သို့ပင်မော်မကြည့်ဝံ့ဘဲ ရင်ဘတ်စည်တီးလျက် ‘အို ဘုရားသခင်၊ အပြစ်များသောအကျွန်ုပ်ကို သနားတော်မူပါ’ဟု ဆုတောင်း၏။
14. သင်တို့အား ငါဆိုသည်ကား ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရလျက် မိမိအိမ်သို့ပြန်သွားသောသူမှာ ဤအခွန်ကောက်ခံသူဖြစ်၍ ထိုဖာရိရှဲမဟုတ်။ အကြောင်းမူကား မိမိကိုယ်ကိုချီးမြှောက်သောသူတိုင်းသည် နှိမ့်ချခြင်းကိုခံရ၍ မိမိကိုယ်ကိုနှိမ့်ချသောသူသည် ချီးမြှောက်ခြင်းကိုခံရလိမ့်မည်”ဟု မိန့်တော်မူ၏။
15. ထိုအခါ ကိုယ်တော်တို့ထိပေးတော်မူရန် လူတို့သည် ကလေးငယ်များကို အထံတော်သို့ခေါ်ဆောင်လာကြ၏။ သို့သော် တပည့်တော်တို့မြင်လျှင် သူတို့ကိုဆူငေါက်ကြ၏။
16. သို့ရာတွင် ယေရှုသည် ထိုကလေးသူငယ်များကိုခေါ်၍ “ကလေးသူငယ်တို့ငါ့ထံသို့လာကြပါလေစေ။ သူတို့ကိုမတားဆီးကြနှင့်။ အကြောင်းမူကား ဘုရားသခင်၏နိုင်ငံတော်သည် ထိုသို့သောသူတို့၏နိုင်ငံဖြစ်၏။
17. သင်တို့အား ငါအမှန်ဆိုမည်။ ဘုရားသခင်၏နိုင်ငံတော်ကို သူငယ်တစ်ဦးကဲ့သို့လက်မခံသောသူသည် ထိုနိုင်ငံတော်သို့ မည်သည့်အခါမျှ ဝင်ရလိမ့်မည်မဟုတ်”ဟု မိန့်တော်မူ၏။
18. တစ်ခါက အကြီးအကဲတစ်ဦးသည် ကိုယ်တော်အား “ကောင်းမြတ်သောဆရာ၊ ထာဝရအသက်ကိုအမွေဆက်ခံရန် မည်သည့်အရာကို ပြုရပါမည်နည်း”ဟု မေးလျှောက်လေ၏။
19. ယေရှုက “ငါ့ကိုကောင်းမြတ်သောသူဟု အဘယ်ကြောင့်ခေါ်သနည်း။ ဘုရားသခင်တစ်ပါးတည်းမှလွဲ၍ ကောင်းမြတ်သောသူတစ်စုံတစ်ဦးမျှမရှိ။