21. ‘ကြည့်လော့။ ဤအရပ်၌ရှိသည်’ သို့မဟုတ် ‘ထိုအရပ်၌ရှိသည်’ဟူ၍လည်း မပြောနိုင်။ အကြောင်းမူကား ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့၏အထဲ၌ရှိ၏”ဟု မိန့်တော်မူ၏။
22. ထို့နောက် တပည့်တော်တို့အား “သင်တို့သည် လူ့သား၏နေ့ရက်များထဲမှ တစ်ရက်ကိုပင် အလွန်တွေ့မြင်လိုသော်လည်း မတွေ့မြင်ရသည့်နေ့ရက်များ ရောက်လာလိမ့်မည်။
23. ထိုအခါ လူတို့က သင်တို့အား ‘ကြည့်လော့။ ထိုအရပ်၌ရှိ၏’ သို့မဟုတ် ‘ကြည့်လော့။ ဤအရပ်၌ရှိ၏’ဟု ဆိုကြလျှင်လည်း လိုက်မသွားကြနှင့်။
24. အကြောင်းမူကား လျှပ်စီးသည် မိုးကောင်းကင်တစ်ဖက်မှ မိုးကောင်းကင်အခြားတစ်ဖက်သို့ လက်၍ ထွန်းလင်းသကဲ့သို့ လူ့သားသည် မိမိနေ့ရက်၌ ထိုနည်းတူဖြစ်လိမ့်မည်။
25. သို့သော် သူသည် ပထမဦးစွာ ဒုက္ခဝေဒနာများစွာခံစားရ၍ ဤမျိုးဆက်၏ငြင်းပယ်ခြင်းကိုခံရလိမ့်မည်။
26. နောဧ၏နေ့ရက်များ၌ဖြစ်သကဲ့သို့ လူ့သား၏နေ့ရက်များ၌လည်းဖြစ်လိမ့်မည်။
27. နောဧသည် သင်္ဘောထဲသို့ဝင်သည့်နေ့တိုင်အောင် လူတို့သည် စားသောက်လျက်၊ ထိမ်းမြားစုံဖက်လျက်၊ ပေးစားဆောင်နှင်းလျက်နေ၍ ရေလွှမ်းမိုးခြင်းရောက်လာကာ သူတို့အားလုံးကိုဖျက်ဆီးလေ၏။
28. ထိုနည်းတူ လောတ၏နေ့ရက်များ၌လည်း လူတို့သည် စားသောက်လျက်၊ ရောင်းဝယ်လျက်၊ စိုက်ပျိုးတည်ဆောက်လျက်နေခဲ့ကြ၏။
29. သို့သော် လောတသည် သောဒုံမြို့မှ ထွက်ခွာသွားသောနေ့၌ပင် မိုးကောင်းကင်မှ ကန့်နှင့်မီးရွာသွန်း၍ သူတို့အားလုံးကိုဖျက်ဆီးလေ၏။
30. လူ့သားပေါ်ထွန်းသောနေ့ရက်၌လည်း ထိုနည်းတူဖြစ်လိမ့်မည်။
31. ထိုနေ့ရက်၌ လေသာဆောင်ပေါ်တွင်ရှိသောသူသည် အိမ်ထဲ၌ မိမိဥစ္စာပစ္စည်းများရှိလျှင် ၎င်းတို့ကိုယူရန် အောက်သို့မဆင်းစေနှင့်။ ထိုနည်းတူ လယ်၌ရှိသောသူသည်လည်း နောက်သို့ပြန်မလှည့်စေနှင့်။
32. လောတ၏ဇနီးကိုသတိရကြလော့။
33. မိမိအသက်ကိုထိန်းသိမ်းစောင့်ရှောက်ရန် ကြိုးစားသောသူသည် အသက်ကိုဆုံးရှုံးရလိမ့်မည်။ မိမိအသက်ကို ဆုံးရှုံးရသောသူမူကား အသက်ကိုထိန်းသိမ်းစောင့်ရှောက်လိမ့်မည်။
34. သင်တို့အား ငါဆိုမည်။ ထိုညတွင် ခုတင်တစ်ခုပေါ်၌ရှိသော လူနှစ်ဦးတို့တွင် တစ်ဦးသည် ခေါ်ဆောင်သွားခြင်းခံရ၍ အခြားတစ်ဦးသည် ကျန်ရစ်ရလိမ့်မည်။