ရှင်​လု​ကာ​ခ​ရစ်​ဝင် 17:11-28 Myanmar Standard Bible (MSB)

11. ကိုယ်​တော်​သည် ဂျေ​ရု​ဆ​လင်​မြို့​သို့​ကြွ​တော်​မူ​စဉ် ရှ​မာ​ရိ​နယ်​နှင့် ဂါ​လိ​လဲ​နယ်​စပ်​ကြား​ကို ဖြတ်​သွား​တော်​မူ​၏။

12. ရွာ​တစ်​ရွာ​သို့​ဝင်​တော်​မူ​သော​အ​ခါ အ​နာ​ကြီး​ရော​ဂါ​သည်​ဆယ်​ဦး​တို့​သည် ကိုယ်​တော်​ကို​ဆီး​ကြို​ကြ​၏။ သူ​တို့​သည် အ​ဝေး​၌​ရပ်​လျက်

13. အ​သံ​ကို​ကျယ်​စွာ​ပြု​၍ “သ​ခင်​ယေ​ရှု၊ အ​ကျွန်ုပ်​တို့​ကို​သ​နား​တော်​မူ​ပါ”​ဟု လျှောက်​ကြ​၏။

14. ကိုယ်​တော်​သည် သူ​တို့​ကို​မြင်​လျှင် “ယဇ်​ပု​ရော​ဟိတ်​များ​ထံ​သို့​သွား​၍ မိ​မိ​တို့​ကိုယ်​ကို ပြ​ကြ​လော့”​ဟု မိန့်​တော်​မူ​၏။ သူ​တို့​သည်​သွား​နေ​စဉ်​အ​တွင်း​မှာ​ပင် စင်​ကြယ်​ခြင်း​သို့​ရောက်​ကြ​၏။

15. သူ​တို့​ထဲ​မှ​တစ်​ဦး​သည် မိ​မိ​အ​နာ​ရော​ဂါ​ပျောက်​ကင်း​သွား​ကြောင်း​သိ​မြင်​သော​အ​ခါ ကျယ်​လောင်​သော​အ​သံ​ဖြင့် ဘု​ရား​သ​ခင်​၏​ဘုန်း​တော်​ကို​ချီး​မွမ်း​လျက် ပြန်​လာ​ကာ

16. ကိုယ်​တော်​၏​ခြေ​တော်​ရင်း​၌​ပျပ်​ဝပ်​၍ ကိုယ်​တော်​ကို​ကျေး​ဇူး​တင်​၏။ ထို​သူ​သည် ရှ​မာ​ရိ​နယ်​သား​ဖြစ်​၏။

17. ယေ​ရှု​က​လည်း “စင်​ကြယ်​ခြင်း​သို့​ရောက်​သော​သူ​မှာ လူ​ဆယ်​ဦး​မ​ဟုတ်​လော။ အ​ခြား​ကိုး​ဦး​ကား အ​ဘယ်​မှာ​နည်း။

18. ဘု​ရား​သ​ခင်​၏​ဘုန်း​တော်​ကို​ချီး​မွမ်း​ရန်​ပြန်​လာ​သော​သူ​သည် ဤ​တစ်​ပါး​အ​မျိုး​သား​မှ​လွဲ​၍ တစ်​ဦး​မျှ​မ​ရှိ​သ​လော”​ဟု မိန့်​တော်​မူ​၏။

19. ထို့​နောက် ထို​သူ​အား “ထ​၍​သွား​လော့။ သင်​၏​ယုံ​ကြည်​ခြင်း​သည် သင့်​ကို​ကျန်း​မာ​စေ​ပြီ”​ဟု မိန့်​တော်​မူ​၏။

20. တစ်​ခါ​တွင် ဖာ​ရိ​ရှဲ​တို့​က ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သည် မည်​သည့်​အ​ချိန်​၌​ပေါ်​ထွန်း​မည်​နည်း​ဟု မေး​လျှောက်​ကြ​သ​ဖြင့် ကိုယ်​တော်​က “ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သည် မျက်​မြင်​တွေ့​နိုင်​သော​အ​ရာ​အ​ဖြစ် ပေါ်​ထွန်း​မည်​မ​ဟုတ်။

21. ‘ကြည့်​လော့။ ဤ​အ​ရပ်​၌​ရှိ​သည်’ သို့​မ​ဟုတ် ‘ထို​အ​ရပ်​၌​ရှိ​သည်’​ဟူ​၍​လည်း မ​ပြော​နိုင်။ အ​ကြောင်း​မူ​ကား ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သည် သင်​တို့​၏​အ​ထဲ​၌​ရှိ​၏”​ဟု မိန့်​တော်​မူ​၏။

22. ထို့​နောက် တ​ပည့်​တော်​တို့​အား “သင်​တို့​သည် လူ့​သား​၏​နေ့​ရက်​များ​ထဲ​မှ တစ်​ရက်​ကို​ပင် အ​လွန်​တွေ့​မြင်​လို​သော်​လည်း မ​တွေ့​မြင်​ရ​သည့်​နေ့​ရက်​များ ရောက်​လာ​လိမ့်​မည်။

23. ထို​အ​ခါ လူ​တို့​က သင်​တို့​အား ‘ကြည့်​လော့။ ထို​အ​ရပ်​၌​ရှိ​၏’ သို့​မ​ဟုတ် ‘ကြည့်​လော့။ ဤ​အ​ရပ်​၌​ရှိ​၏’​ဟု ဆို​ကြ​လျှင်​လည်း လိုက်​မ​သွား​ကြ​နှင့်။

24. အ​ကြောင်း​မူ​ကား လျှပ်​စီး​သည် မိုး​ကောင်း​ကင်​တစ်​ဖက်​မှ မိုး​ကောင်း​ကင်​အ​ခြား​တစ်​ဖက်​သို့ လက်​၍ ထွန်း​လင်း​သ​ကဲ့​သို့ လူ့​သား​သည် မိ​မိ​နေ့​ရက်​၌ ထို​နည်း​တူ​ဖြစ်​လိမ့်​မည်။

25. သို့​သော် သူ​သည် ပ​ထ​မ​ဦး​စွာ ဒုက္ခ​ဝေ​ဒ​နာ​များ​စွာ​ခံ​စား​ရ​၍ ဤ​မျိုး​ဆက်​၏​ငြင်း​ပယ်​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။

26. နော​ဧ​၏​နေ့​ရက်​များ​၌​ဖြစ်​သ​ကဲ့​သို့ လူ့​သား​၏​နေ့​ရက်​များ​၌​လည်း​ဖြစ်​လိမ့်​မည်။

27. နော​ဧ​သည် သင်္ဘော​ထဲ​သို့​ဝင်​သည့်​နေ့​တိုင်​အောင် လူ​တို့​သည် စား​သောက်​လျက်၊ ထိမ်း​မြား​စုံ​ဖက်​လျက်၊ ပေး​စား​ဆောင်​နှင်း​လျက်​နေ​၍ ရေ​လွှမ်း​မိုး​ခြင်း​ရောက်​လာ​ကာ သူ​တို့​အား​လုံး​ကို​ဖျက်​ဆီး​လေ​၏။

28. ထို​နည်း​တူ လော​တ​၏​နေ့​ရက်​များ​၌​လည်း လူ​တို့​သည် စား​သောက်​လျက်၊ ရောင်း​ဝယ်​လျက်၊ စိုက်​ပျိုး​တည်​ဆောက်​လျက်​နေ​ခဲ့​ကြ​၏။

ရှင်​လု​ကာ​ခ​ရစ်​ဝင် 17