15. သို့သော် ကိုယ်တော်က “သင်တို့သည် လူတို့ရှေ့၌ မိမိတို့ကိုယ်ကိုဖြောင့်မတ်ကြောင်း ဖော်ပြတတ်သူများဖြစ်ကြ၏။ သို့ရာတွင် ဘုရားသခင်သည် သင်တို့၏စိတ်နှလုံးကိုသိတော်မူ၏။ လူတို့အမြတ်တနိုးထားသောအရာသည် ဘုရားသခင်၏ရှေ့တော်၌ ရွံရှာဖွယ်ဖြစ်၏။
16. ပညတ်တရားကျမ်းနှင့် ပရောဖက်ကျမ်းများသည် ယောဟန်လက်ထက်တိုင်အောင်ဖြစ်၏။ ထိုအချိန်မှစ၍ ဘုရားသခင်၏နိုင်ငံတော်နှင့်ဆိုင်သည့် ကောင်းမြတ်သောသတင်းကိုဟောပြောကြ၏။ လူအပေါင်းတို့သည်လည်း ထိုနိုင်ငံတော်ထဲသို့ အတင်းတိုးဝင်ကြ၏။
17. သို့ရာတွင် ပညတ်တရားကျမ်းထဲမှ ဗိန္ဒုတစ်လုံးပျက်ပြယ်ရန်ထက် ကောင်းကင်နှင့်မြေကြီးကွယ်ပျောက်ရန် ပို၍လွယ်ကူ၏။
18. မိမိမယားကိုကွာရှင်း၍ အခြားသောမိန်းမနှင့် ထိမ်းမြားစုံဖက်သောသူတိုင်းသည် အိမ်ထောင်ရေးဖောက်ပြန်မှုကိုကျူးလွန်၏။ ခင်ပွန်းကကွာရှင်းထားသောမိန်းမနှင့် ထိမ်းမြားစုံဖက်သောသူသည်လည်း အိမ်ထောင်ရေးဖောက်ပြန်မှုကိုကျူးလွန်၏။
19. တစ်ခါက ခရမ်းရောင်ဝတ်ရုံနှင့် ပိတ်ချောထည်များကိုဝတ်ဆင်ကာ နေ့စဉ် စည်းစိမ်ခံစားလျက် ပျော်မွေ့နေသည့် သူဌေးတစ်ဦးရှိ၏။
20. သူ၏အိမ်တံခါးဝ၌ကား တစ်ကိုယ်လုံးအနာစိမ်းပေါက်နေသော လာဇရုအမည်ရှိဆင်းရဲသားတစ်ယောက် လဲလျောင်းနေ၏။
21. သူသည် သူဌေး၏စားပွဲပေါ်မှကျသော အစာများကိုပင် ဝလင်စွာစားရရန် တောင့်တနေ၏။ ခွေးများသည်လည်း သူ၏အနာစိမ်းများကို လာ၍လျက်ကြ၏။
22. ထို့နောက် ထိုဆင်းရဲသားသည် သေလွန်သွားရာ ကောင်းကင်တမန်တို့သည် သူ့ကို အာဗြဟံ၏ရင်ခွင်ထဲသို့ ခေါ်ဆောင်သွားကြ၏။ သူဌေးသည်လည်း သေလွန်သဖြင့် သင်္ဂြိုဟ်ခြင်းကိုခံရ၏။
23. သူသည် မရဏာနိုင်ငံတွင် ဝေဒနာခံစားရလျက် မော်ကြည့်သောအခါ အာဗြဟံနှင့် သူ၏ရင်ခွင်ထဲ၌ရှိသော လာဇရုတို့ကို အဝေးမှမြင်ရလေ၏။
24. ထိုအခါ သူက ‘အဖအာဗြဟံ၊ အကျွန်ုပ်ကိုသနားပါ။ အကျွန်ုပ်သည် ဤမီးလျှံထဲတွင် ဝေဒနာပြင်းစွာခံစားနေရသောကြောင့် လာဇရုသည် သူ၏လက်ဖျားကိုရေ၌နှစ်၍ အကျွန်ုပ်၏လျှာကိုအေးစေရန် သူ့ကိုစေလွှတ်ပေးပါ’ဟု အော်ဟစ်ပြောဆိုလေ၏။
25. သို့သော် အာဗြဟံက ‘ငါ့သား၊ သင်သည်အသက်ရှင်စဉ်အခါ မိမိအတွက် ကောင်းသောအရာများကိုရရှိခဲ့၍ လာဇရုသည် မကောင်းသောအရာများကိုရရှိခဲ့ကြောင်း သတိရလော့။ ယခုမူကား သူသည်ဤနေရာတွင် နှစ်သိမ့်ခြင်းကိုခံစားရ၍ သင်သည် ဝေဒနာပြင်းစွာခံစားနေရ၏။