16. ကိုယ်တော်ကလည်း “လူတစ်ဦးသည် ညစာစားပွဲကြီးတစ်ခုကိုပြင်ဆင်လျက် လူများစွာတို့ကိုဖိတ်ခေါ်ထား၏။
17. ပွဲအချိန်ရောက်သောအခါ ဖိတ်ခေါ်ထားသူများထံသို့ မိမိအစေအပါးကိုစေလွှတ်လျက် ‘ယခုအဆင်သင့်ဖြစ်ပြီဖြစ်၍ ကြွကြပါ’ဟု ပြောကြားစေ၏။
18. ထိုအခါ အားလုံးတို့သည် မလာနိုင်ကြောင်း တညီတညွတ်တည်းဆင်ခြေပေးကြ၏။ ပထမလူက ‘အကျွန်ုပ်သည် လယ်တစ်ကွက်ဝယ်ထားသည်ဖြစ်၍ ထိုလယ်ကို မဖြစ်မနေသွားကြည့်ရပါမည်။ အကျွန်ုပ်ကိုခွင့်လွှတ်ရန် တောင်းပန်ပါသည်’ဟု ဆိုလေ၏။
19. အခြားတစ်ဦးကလည်း ‘အကျွန်ုပ်သည် နွားငါးရှဉ်းကိုဝယ်ထားသည်ဖြစ်၍ ထိုနွားတို့ကိုစမ်းသပ်ရန် သွားရတော့မည်။ အကျွန်ုပ်ကိုခွင့်လွှတ်ရန် တောင်းပန်ပါသည်’ဟု ဆိုလေ၏။
20. နောက်တစ်ဦးကလည်း ‘အကျွန်ုပ်သည် မိန်းမနှင့်ထိမ်းမြားစုံဖက်ပြီဖြစ်၍ မလာနိုင်ပါ’ဟု ဆို၏။
21. အစေအပါးသည် ပြန်လာ၍ ထိုအကြောင်းအရာများကို မိမိသခင်အားကြားလျှောက်လေ၏။ ထိုအခါ အိမ်ရှင်သည် အမျက်ထွက်၍ မိမိအစေအပါးအား ‘မြို့ထဲရှိ လမ်းမ၊ လမ်းကြားများထဲသို့ အမြန်သွား၍ ဆင်းရဲသားများ၊ အင်္ဂါချို့တဲ့သူများ၊ ခြေမသန်စွမ်းသူများနှင့် မျက်မမြင်များကို ဤနေရာသို့ခေါ်ခဲ့လော့’ဟု ဆို၏။
22. ထို့နောက် အစေအပါးက ‘သခင်၊ သခင်စေခိုင်းသည့်အတိုင်းဆောင်ရွက်ပြီးပါပြီ။ သို့သော် နေရာရှိပါသေး၏’ဟု လျှောက်လေ၏။
23. သခင်ကလည်း ‘ခရီးသွားလမ်းမများနှင့် တောလမ်းကြားများသို့သွား၍ ငါ့အိမ်ပြည့်အောင် လူတို့ကို မရမကခေါ်ခဲ့လော့။
24. သင်တို့အား ငါဆိုသည်ကား ယခင်ဖိတ်ခေါ်ထားသူတို့ထဲမှ မည်သူမျှ ငါ၏ညစာစားပွဲကိုမြည်းစမ်းရမည်မဟုတ်’ဟု အစေအပါးအား ဆိုလေ၏”ဟူ၍ မိန့်တော်မူ၏။
25. ထို့နောက် များစွာသောလူထုပရိသတ်တို့သည် ကိုယ်တော်နှင့်အတူလိုက်ပါလာကြသဖြင့် ကိုယ်တော်သည် လှည့်ကြည့်၍ ထိုသူတို့အားမြွက်ဆိုတော်မူသည်မှာ
26. “မည်သူမဆို ငါ့ထံသို့လာ၍ မိမိ၏မိခင်၊ ဖခင်၊ သားမယားနှင့် ညီအစ်ကိုမောင်နှမတို့ကိုသာမက မိမိအသက်ကိုပင် မမုန်းလျှင် ထိုသူသည် ငါ၏တပည့်မဖြစ်နိုင်။
27. မိမိလက်ဝါးကပ်တိုင်ကိုထမ်း၍ ငါ့နောက်သို့မလိုက်သောသူသည် ငါ၏တပည့်မဖြစ်နိုင်။
28. သင်တို့ထဲတွင် တစ်စုံတစ်ဦးသည် မျှော်စင်တစ်ခုဆောက်လိုလျှင် ပြီးစီးသည်အထိ လုံလောက်သောငွေရှိမရှိ ဦးစွာထိုင်၍ ကုန်ကျစရိတ်ကိုမတွက်ချက်ဘဲနေမည်လော။