7. ထိုအခါ သူသည် ဥယျာဉ်မှူးအား ‘ကြည့်လော့။ ငါသည် သုံးနှစ်တိုင်တိုင် ဤသဖန်းပင်အပေါ်၌ အသီးကိုလာရှာသော်လည်းမတွေ့ရ။ ဤသဖန်းပင်ကိုခုတ်ပစ်လော့။ အဘယ်ကြောင့် မြေကို အကျိုးမဲ့ဖြစ်စေမည်နည်း’ဟု ဆို၏။
8. သို့သော် ဥယျာဉ်မှူးက ‘သခင်၊ ဤအပင်ကို ယခုနှစ်လည်းထားပါဦး။ အပင်ပတ်လည်ကို အကျွန်ုပ်တူးဆွ၍ မြေသြဇာထည့်ပါဦးမည်။
9. ထိုသို့ပြုလျှင် နောက်နှစ်တွင် အသီး သီးကောင်းသီးပါလိမ့်မည်။ အကယ်၍ မသီးပါက ခုတ်ပစ်နိုင်ပါသည်’ဟု ပြန်လျှောက်၏”ဟူ၍ မိန့်တော်မူ၏။
10. ကိုယ်တော်သည် ဥပုသ်နေ့၌ ဝတ်ပြုစည်းဝေးကျောင်းတစ်ကျောင်းတွင် သွန်သင်လျက်နေတော်မူ၏။
11. ထိုအခါ တစ်ဆယ့်ရှစ်နှစ်ပတ်လုံး နာမကျန်းဖြစ်စေသောနတ်ပူးသဖြင့် ခါးကုန်းလျက် လုံးဝတည့်မတ်စွာမရပ်နိုင်သောအမျိုးသမီးတစ်ဦးရှိ၏။
12. ယေရှုသည် သူ့ကိုမြင်လျှင် အထံတော်သို့ခေါ်၍ “အချင်းမိန်းမ၊ သင်သည် သင်၏နာမကျန်းဖြစ်ခြင်းမှ လွတ်မြောက်ပြီ”ဟု မိန့်တော်မူပြီးလျှင်
13. သူ့အပေါ် လက်တော်ကိုတင်တော်မူ၏။ ထိုခဏချင်းတွင် သူ၏ခါးသည် ခိုင်ခံ့တည့်မတ်၍ သူသည် ဘုရားသခင်၏ဘုန်းတော်ကိုချီးမွမ်းလေ၏။
14. သို့သော် ဥပုသ်နေ့၌ အနာရောဂါကိုယေရှုငြိမ်းစေတော်မူသောကြောင့် ဝတ်ပြုစည်းဝေးကျောင်းတာဝန်ခံသည် စိတ်ဆိုးလျက် “အလုပ်လုပ်ရမည့်နေ့ရက်ခြောက်ရက်ရှိသည်ဖြစ်၍ ထိုနေ့ရက်များ၌လာ၍ ရောဂါငြိမ်းစေခြင်းကိုခံယူကြလော့။ ဥပုသ်နေ့၌မလာကြနှင့်”ဟု လူထုပရိသတ်တို့အားဆို၏။
15. သခင်ဘုရားကလည်း “သူတော်ကောင်းယောင်ဆောင်သောသူတို့၊ သင်တို့အသီးသီးသည် ဥပုသ်နေ့၌ မိမိတို့နွား သို့မဟုတ် မြည်းကို တင်းကုပ်မှလွှတ်၍ ရေတိုက်ရန်ခေါ်ဆောင်သွားကြသည်မဟုတ်လော။
16. သို့ဖြစ်လျှင် တစ်ဆယ့်ရှစ်နှစ်ပတ်လုံး စာတန်ချည်နှောင်ထားသည့် အာဗြဟံ၏သမီးဖြစ်သော ဤသူကို ဥပုသ်နေ့၌ ထိုချုည်နှောင်ခြင်းမှ လွတ်စေသင့်သည်မဟုတ်လော”ဟု ပြန်၍မိန့်တော်မူ၏။
17. ထိုသို့ ကိုယ်တော်မိန့်တော်မူသောအခါ ကိုယ်တော်ကိုဆန့်ကျင်နေသောသူရှိသမျှတို့သည် အရှက်ရကြ၏။ လူထုပရိသတ်အပေါင်းတို့သည် ကိုယ်တော်ပြုတော်မူသည့် ထူးမြတ်သောအမှုအလုံးစုံတို့အတွက် ဝမ်းမြောက်ကြ၏။