7. ထိုသူက ‘ငါ့ကိုအနှောင့်အယှက်မပေးပါနှင့်။ တံခါးပိတ်ထားပြီ။ ငါ့သားသမီးများသည်လည်း ငါနှင့်အတူအိပ်ရာဝင်ကြပြီ။ ငါသည်ထ၍ သင့်အား မည်သည့်အရာကိုမျှမပေးနိုင်ပါ’ဟု အိမ်တွင်းမှ ပြန်ပြောလိမ့်မည်။
8. သင်တို့အား ငါဆိုမည်။ ထိုသူသည် မိမိမိတ်ဆွေဖြစ်သည့်အတွက်မူကား သူ့အား မည်သည့်အရာကိုမျှ ထ၍မပေးသော်လည်း အားမလျှော့ဘဲတောင်းဆိုသည့်အတွက် လိုသမျှကို ထ၍ပေးလိမ့်မည်။
9. ထို့ကြောင့် သင်တို့အား ငါဆိုမည်။ တောင်းကြလော့။ တောင်းလျှင် သင်တို့ရကြလိမ့်မည်။ ရှာကြလော့။ ရှာလျှင် သင်တို့တွေ့ကြလိမ့်မည်။ တံခါးကိုခေါက်ကြလော့။ ခေါက်လျှင် သင်တို့ကို ဖွင့်ပေးလိမ့်မည်။
10. အကြောင်းမူကား တောင်းသောသူတိုင်းသည်ရ၏။ ရှာသောသူသည်လည်းတွေ့၏။ တံခါးခေါက်သောသူကိုလည်း ဖွင့်ပေးလိမ့်မည်။
11. သင်တို့တွင် မည်သည့်ဖခင်သည် သားက ငါးကိုတောင်းသောအခါ ငါးအစားမြွေကိုပေးမည်နည်း။
12. သို့မဟုတ် ကြက်ဥကိုတောင်းသောအခါ ကင်းမြီးကောက်ကိုပေးမည်နည်း။
13. သင်တို့သည် မကောင်းသောသူများဖြစ်ကြလျက်ပင် သင်တို့၏သားသမီးများအား ကောင်းသောလက်ဆောင်များပေးရမည်ကိုသိကြလျှင် ကောင်းကင်ဘုံရှင်အဖသည် မိမိထံတောင်းလျှောက်သောသူများအား သန့်ရှင်းသောဝိညာဉ်တော်ကို သာ၍ပင် ပေးတော်မူလိမ့်မည်မဟုတ်လော”ဟု မိန့်တော်မူ၏။
14. တစ်ခါက ကိုယ်တော်သည် ဆွံ့အသောနတ်ဆိုးကို နှင်ထုတ်တော်မူ၏။ နတ်ဆိုးထွက်သွားသောအခါ ဆွံ့အသောသူသည် စကားပြောသဖြင့် လူထုပရိသတ်တို့သည်အံ့သြကြ၏။
15. သို့သော် ထိုသူတို့ထဲမှ အချို့တို့က “သူသည် နတ်ဆိုးတို့၏အကြီးအကဲ ဗေလဇေဗုလကိုအမှီပြု၍ နတ်ဆိုးတို့ကိုနှင်ထုတ်သည်”ဟု ပြောဆိုကြ၏။
16. အချို့တို့သည်လည်း ကိုယ်တော်ကိုစမ်းသပ်လိုသဖြင့် ကောင်းကင်မှနိမိတ်လက္ခဏာကို တောင်းဆိုကြ၏။
17. သို့သော် ကိုယ်တော်သည် သူတို့၏စိတ်သဘောများကို သိမြင်တော်မူသဖြင့် “မိမိအတွင်း၌ ဆန့်ကျင်ကွဲပြားနေသောနိုင်ငံတိုင်းသည် လုံးလုံးပျက်စီးသွား၍ မိမိအတွင်း၌ ဆန့်ကျင်ကွဲပြားနေသောအိမ်သည်လည်း ပြိုလဲတတ်၏။
18. စာတန်သည်လည်း မိမိအတွင်း၌ ဆန့်ကျင်ကွဲပြားနေလျှင် သူ၏နိုင်ငံသည် မည်သို့တည်မြဲနိုင်မည်နည်း။ ဤသို့ဆိုခြင်းမှာ ငါသည် ဗေလဇေဗုလကိုအမှီပြု၍ နတ်ဆိုးတို့ကိုနှင်ထုတ်သည်ဟု သင်တို့ဆိုကြသောကြောင့်ဖြစ်၏။
19. ငါသည် ဗေလဇေဗုလကိုအမှီပြု၍ နတ်ဆိုးတို့ကိုနှင်ထုတ်သည်ဆိုလျှင် သင်တို့၏သားများသည် မည်သူ့ကိုအမှီပြု၍ နှင်ထုတ်ကြသနည်း။ ထို့ကြောင့် သူတို့သည် သင်တို့ကို တရားစီရင်သူများဖြစ်ကြလိမ့်မည်။
20. သို့ရာတွင် ငါသည် ဘုရားသခင်၏လက်ညှိုးတော်အားဖြင့် နတ်ဆိုးတို့ကိုနှင်ထုတ်သည်ဆိုလျှင် ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့ထံရောက်ရှိလေပြီ။