31. တရားစီရင်တော်မူသည့်အခါ တောင်အရပ်မှဘုရင်မသည် ဤမျိုးဆက်လူတို့နှင့်အတူထမြောက်လျက် ဤမျိုးဆက်၏အပြစ်ကိုထင်ရှားစေလိမ့်မည်။ အကြောင်းမူကား သူသည် ရှောလမုန်၏ဉာဏ်ပညာစကားကိုနားထောင်ရန် မြေကြီးအစွန်အဖျားမှလာ၏။ ကြည့်ရှုလော့။ ဤအရပ်၌ ရှောလမုန်ထက်ကြီးမြတ်သောသူရှိ၏။
32. တရားစီရင်တော်မူသည့်အခါ နိနေဝေမြို့သားတို့သည် ဤမျိုးဆက်နှင့်အတူထမြောက်လျက် ဤမျိုးဆက်၏အပြစ်ကိုထင်ရှားစေကြလိမ့်မည်။ အကြောင်းမူကား သူတို့သည် ယောန၏ဟောပြောချက်ကြောင့် နောင်တရကြ၏။ ကြည့်ရှုလော့။ ဤအရပ်၌ ယောနထက်ကြီးမြတ်သောသူရှိ၏။
33. ဆီမီးကိုထွန်း၍ ကွယ်ရာ၌ထားသောသူ သို့မဟုတ် တောင်းအောက်၌ထားသောသူ တစ်စုံတစ်ဦးမျှမရှိ။ ဝင်လာသောသူတို့သည် အလင်းကိုမြင်စေရန် ဆီမီးခုံပေါ်၌သာထားတတ်ကြ၏။
34. သင်၏မျက်စိသည် ကိုယ်ခန္ဓာ၏ဆီမီးဖြစ်၏။ သင်၏မျက်စိကောင်းသောအခါ သင်၏ကိုယ်ခန္ဓာတစ်ခုလုံးသည်လည်းတောက်ပနေလိမ့်မည်။ သို့သော် မျက်စိမကောင်းသောအခါ သင်၏ကိုယ်ခန္ဓာသည်လည်း မှောင်မိုက်နေလိမ့်မည်။
35. သို့ဖြစ်၍ သင်၌ရှိသောအလင်းသည် အမှောင်မဖြစ်စေရန် သတိပြုလော့။
36. ထို့ကြောင့် သင်၏ကိုယ်ခန္ဓာတစ်ခုလုံးသည် မှောင်မိုက်သည့်အပိုင်းမရှိဘဲ တောက်ပနေလျှင် ဆီမီးအလင်းရောင်သည် သင့်အပေါ်ထွန်းလင်းနေသကဲ့သို့ သင်၏ကိုယ်ခန္ဓာတစ်ခုလုံးသည် တောက်ပနေလိမ့်မည်”ဟု မိန့်တော်မူ၏။
37. ထိုသို့မိန့်တော်မူပြီးသောအခါ ဖာရိရှဲတစ်ဦးသည် မိမိနှင့်အတူစားသောက်တော်မူရန် ကိုယ်တော်ကိုဖိတ်ခေါ်သဖြင့် သူ၏အိမ်သို့ဝင်၍ စားပွဲ၌ထိုင်တော်မူ၏။