30. အကြောင်းမူကား ယောနသည် နိနေဝေမြို့သားတို့အတွက် နိမိတ်လက္ခဏာဖြစ်သကဲ့သို့ လူ့သားသည်လည်း ဤမျိုးဆက်အတွက် နိမိတ်လက္ခဏာဖြစ်လိမ့်မည်။
31. တရားစီရင်တော်မူသည့်အခါ တောင်အရပ်မှဘုရင်မသည် ဤမျိုးဆက်လူတို့နှင့်အတူထမြောက်လျက် ဤမျိုးဆက်၏အပြစ်ကိုထင်ရှားစေလိမ့်မည်။ အကြောင်းမူကား သူသည် ရှောလမုန်၏ဉာဏ်ပညာစကားကိုနားထောင်ရန် မြေကြီးအစွန်အဖျားမှလာ၏။ ကြည့်ရှုလော့။ ဤအရပ်၌ ရှောလမုန်ထက်ကြီးမြတ်သောသူရှိ၏။
32. တရားစီရင်တော်မူသည့်အခါ နိနေဝေမြို့သားတို့သည် ဤမျိုးဆက်နှင့်အတူထမြောက်လျက် ဤမျိုးဆက်၏အပြစ်ကိုထင်ရှားစေကြလိမ့်မည်။ အကြောင်းမူကား သူတို့သည် ယောန၏ဟောပြောချက်ကြောင့် နောင်တရကြ၏။ ကြည့်ရှုလော့။ ဤအရပ်၌ ယောနထက်ကြီးမြတ်သောသူရှိ၏။
33. ဆီမီးကိုထွန်း၍ ကွယ်ရာ၌ထားသောသူ သို့မဟုတ် တောင်းအောက်၌ထားသောသူ တစ်စုံတစ်ဦးမျှမရှိ။ ဝင်လာသောသူတို့သည် အလင်းကိုမြင်စေရန် ဆီမီးခုံပေါ်၌သာထားတတ်ကြ၏။
34. သင်၏မျက်စိသည် ကိုယ်ခန္ဓာ၏ဆီမီးဖြစ်၏။ သင်၏မျက်စိကောင်းသောအခါ သင်၏ကိုယ်ခန္ဓာတစ်ခုလုံးသည်လည်းတောက်ပနေလိမ့်မည်။ သို့သော် မျက်စိမကောင်းသောအခါ သင်၏ကိုယ်ခန္ဓာသည်လည်း မှောင်မိုက်နေလိမ့်မည်။
35. သို့ဖြစ်၍ သင်၌ရှိသောအလင်းသည် အမှောင်မဖြစ်စေရန် သတိပြုလော့။
36. ထို့ကြောင့် သင်၏ကိုယ်ခန္ဓာတစ်ခုလုံးသည် မှောင်မိုက်သည့်အပိုင်းမရှိဘဲ တောက်ပနေလျှင် ဆီမီးအလင်းရောင်သည် သင့်အပေါ်ထွန်းလင်းနေသကဲ့သို့ သင်၏ကိုယ်ခန္ဓာတစ်ခုလုံးသည် တောက်ပနေလိမ့်မည်”ဟု မိန့်တော်မူ၏။
37. ထိုသို့မိန့်တော်မူပြီးသောအခါ ဖာရိရှဲတစ်ဦးသည် မိမိနှင့်အတူစားသောက်တော်မူရန် ကိုယ်တော်ကိုဖိတ်ခေါ်သဖြင့် သူ၏အိမ်သို့ဝင်၍ စားပွဲ၌ထိုင်တော်မူ၏။
38. သို့သော် အစာမသုံးဆောင်မီ ဦးစွာဆေးကြောခြင်းပြုတော်မမူသည်ကို ထိုဖာရိရှဲသည်မြင်၍ အံ့သြလေ၏။
39. သခင်ဘုရားကလည်း “သင်တို့ဖာရိရှဲများသည် ခွက်နှင့်လင်ပန်းတို့၏အပြင်ဘက်ကို စင်ကြယ်စေကြသော်လည်း သင်တို့အတွင်း၌ကား မတရားလုယူခြင်းနှင့်ဆိုးညစ်ခြင်းတို့ဖြင့် ပြည့်နှက်လျက်ရှိ၏။
40. မိုက်မဲသောသူတို့၊ အပြင်ဘက်ကိုဖန်ဆင်းတော်မူသောအရှင်သည် အတွင်းဘက်ကိုလည်း ဖန်ဆင်းတော်မူသည်မဟုတ်လော။
41. သို့ဖြစ်၍ အတွင်း၌ရှိသောအရာများကို ပေးကမ်းစွန့်ကြဲကြလော့။ သို့ပြုလျှင် အရာခပ်သိမ်းတို့သည် သင်တို့အတွက် စင်ကြယ်ကြလိမ့်မည်။
42. သို့သော် ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် ပင်စိမ်း၊ စမုန်စပါးနှင့် ဟင်းသီးဟင်းရွက်အမျိုးမျိုးတို့ကို ဆယ်ဖို့တစ်ဖို့ပေးလှူကြသော်လည်း တရားမျှတခြင်းနှင့် ဘုရားသခင်အပေါ်ထားရှိရမည့်ချစ်ခြင်းတို့ကို ချန်လှပ်ထားကြ၏။ ဤအရာများကို ပြုရမည်ဖြစ်ပြီး အထက်တွင်ဆိုသောအရာများကိုလည်း ဥပေက္ခာမပြုရ။
43. ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် ဝတ်ပြုစည်းဝေးကျောင်းများ၌ အထူးထိုင်ခုံကိုလည်းကောင်း၊ ဈေးအရပ်၌ နှုတ်ဆက်ခံရခြင်းကိုလည်းကောင်း နှစ်သက်ကြ၏။
44. သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် မထင်ရှားသော သင်္ချိုင်းဂူများနှင့်တူကြ၏။ လူတို့သည် ၎င်းအပေါ်မှာ မသိဘဲ သွားလာတတ်ကြ၏”ဟု မိန့်တော်မူ၏။
45. ကျမ်းတတ်ပုဂ္ဂိုလ်တစ်ဦးသည် ကိုယ်တော်အား “ဆရာ၊ ဤသို့ပြောဆိုခြင်းသည် အကျွန်ုပ်တို့ကိုလည်း ရှုတ်ချရာရောက်ပါ၏”ဟု ပြန်လျှောက်သော်
46. ကိုယ်တော်က “ကျမ်းတတ်ပုဂ္ဂိုလ်တို့၊ သင်တို့သည်လည်း အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် ထမ်းရခက်သောဝန်များကို လူတို့အားထမ်းစေကြ၏။ သင်တို့ကိုယ်တိုင်ကမူ ၎င်းတို့ကို သင်တို့လက်ဖျားနှင့်မျှမတို့ကြ။
47. သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် သင်တို့ဘိုးဘေးများသတ်ခဲ့သော ပရောဖက်တို့၏သင်္ချိုင်းဂူများကို တည်ဆောက်ကြ၏။