12. ဘုရားသခင်ကို မည်သူမျှ မမြင်ဖူးသော်လည်း ငါတို့အချင်းချင်းချစ်ကြလျှင် ဘုရားသခင်သည် ငါတို့၌တည်တော်မူ၍ ကိုယ်တော်၏ချစ်ခြင်းမေတ္တာသည် ငါတို့၌ပြည့်စုံ၏။
13. ဘုရားသခင်သည် မိမိ၏ဝိညာဉ်တော်ကို ငါတို့အားပေးတော်မူသောကြောင့် ငါတို့သည် ဘုရားသခင်၌တည်၍ ဘုရားသခင်သည်လည်း ငါတို့၌တည်တော်မူကြောင်းကို ငါတို့သိကြ၏။
14. ခမည်းတော်သည် သားတော်ကို လောက၏ကယ်တင်ရှင်အဖြစ် စေလွှတ်တော်မူခဲ့သည်ကို ငါတို့မြင်၍ သက်သေခံကြ၏။
15. မည်သူမဆို ယေရှုသည် ဘုရားသခင်၏သားတော်ဖြစ်ကြောင်းဝန်ခံလျှင် ဘုရားသခင်သည် ထိုသူ၌တည်တော်မူ၍ ထိုသူသည်လည်း ဘုရားသခင်၌တည်၏။
16. ငါတို့သည် ငါတို့အပေါ်၌ ဘုရားသခင်ထားရှိသောချစ်ခြင်းမေတ္တာကိုသိ၍ ယုံကြည်ကြ၏။ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏။ ချစ်ခြင်းမေတ္တာ၌တည်သောသူသည် ဘုရားသခင်၌တည်၍ ဘုရားသခင်သည်လည်း ထိုသူ၌တည်တော်မူ၏။
17. ငါတို့သည် တရားစီရင်တော်မူရာနေ့၌ ယုံကြည်စိတ်ချမှုရှိစေရန် ချစ်ခြင်းမေတ္တာသည် ငါတို့၌ပြည့်စုံ၏။ အကြောင်းမူကား ငါတို့သည်လည်း ဤလောကတွင် ကိုယ်တော်ကဲ့သို့ဖြစ်ကြ၏။
18. ချစ်ခြင်းမေတ္တာ၌ ကြောက်ရွံ့ခြင်းမရှိ။ ကြောက်ရွံ့ခြင်းသည် အပြစ်ဒဏ်ခံရခြင်းနှင့်သက်ဆိုင်သည်ဖြစ်၍ စုံလင်သောချစ်ခြင်းမေတ္တာသည် ကြောက်ရွံ့ခြင်းကို ဖယ်ရှားတတ်၏။ ထို့ကြောင့် ကြောက်တတ်သောသူသည် ချစ်ခြင်းမေတ္တာနှင့်မပြည့်စုံသေး။
19. ဘုရားသခင်သည် ငါတို့ကိုဦးစွာချစ်တော်မူသောကြောင့် ငါတို့သည်လည်းချစ်ကြ၏။
20. တစ်စုံတစ်ယောက်က “ငါသည် ဘုရားသခင်ကိုချစ်၏”ဟု ဆိုလျက်ပင် မိမိညီအစ်ကိုကိုမုန်းလျှင် ထိုသူသည် လိမ်လည်သောသူဖြစ်၏။ မြင်ရသောမိမိညီအစ်ကိုကို မချစ်သောသူသည် မမြင်ရသောဘုရားသခင်ကို မချစ်နိုင်။
21. “ဘုရားသခင်ကိုချစ်သောသူသည် မိမိညီအစ်ကိုကိုလည်း ချစ်ရမည်”ဟူသော ဤပညတ်တော်ကို ကိုယ်တော်ထံမှ ငါတို့ရရှိကြ၏။