1. ချစ်ရသောသူတို့၊ များစွာသောပရောဖက်အတုအယောင်တို့သည် ဤလောက၌ ပေါ်လာကြပြီဖြစ်သောကြောင့် ဝိညာဉ်တိုင်းကိုမယုံဘဲ ထိုဝိညာဉ်တို့သည် ဘုရားသခင်နှင့်စပ်ဆိုင်သည်မစပ်ဆိုင်သည်ကို စစ်ဆေးကြလော့။
2. ယေရှုခရစ်တော်သည် လူသားအဖြစ်ဖြင့်ကြွလာတော်မူခဲ့သည်ကို ဝန်ခံသောဝိညာဉ်တိုင်းသည် ဘုရားသခင်နှင့်စပ်ဆိုင်၏။ ဤသို့သောအားဖြင့် ဘုရားသခင်၏ဝိညာဉ်တော်ကို ငါတို့သိကြ၏။
3. ယေရှုကိုဝန်မခံသောဝိညာဉ်တိုင်းသည် ဘုရားသခင်နှင့်မစပ်ဆိုင်။ ထိုသို့သောဝိညာဉ်သည် လာတော့မည်ဟု သင်တို့ကြားခဲ့သည့်အတိုင်း ယခု ဤလောက၌ရှိနှင့်ပြီဖြစ်သော ခရစ်တော်ကိုဆန့်ကျင်အန်တုသူ၏ဝိညာဉ်ဖြစ်၏။
4. သားသမီးတို့၊ သင်တို့သည် ဘုရားသခင်နှင့်စပ်ဆိုင်သူများဖြစ်ကြ၍ ထိုသူတို့ကိုအောင်နိုင်ကြပြီ။ အကြောင်းမူကား သင်တို့ဘက်၌ရှိသောသူသည် လောကဘက်၌ရှိသောသူထက် ကြီးမြတ်တော်မူ၏။
5. ထိုသူတို့သည် လောကနှင့်စပ်ဆိုင်သူများဖြစ်ကြသောကြောင့် လောကနှင့်စပ်ဆိုင်သောအရာကို ပြောဆိုတတ်ကြ၏။ လောကီသားတို့သည်လည်း သူတို့ကိုနားထောင်တတ်ကြ၏။
6. ငါတို့သည် ဘုရားသခင်နှင့်စပ်ဆိုင်သူများဖြစ်ကြ၏။ ဘုရားသခင်ကိုသိသောသူသည် ငါတို့စကားကိုနားထောင်တတ်၏။ ဘုရားသခင်နှင့်မစပ်ဆိုင်သောသူသည် ငါတို့စကားကိုနားမထောင်တတ်။ ဤသို့သောအားဖြင့် ငါတို့သည် သမ္မာတရား၏ဝိညာဉ်နှင့် မှားယွင်းခြင်း၏ဝိညာဉ်ကို သိရကြ၏။
7. ချစ်ရသောသူတို့၊ ငါတို့သည် အချင်းချင်းချစ်ကြကုန်စို့။ အကြောင်းမူကား ချစ်ခြင်းမေတ္တာသည် ဘုရားသခင်နှင့်စပ်ဆိုင်၏။ ချစ်ခြင်းမေတ္တာရှိသောသူတိုင်းသည်လည်း ဘုရားသခင်ထံမှပေါက်ဖွားလာသောသူဖြစ်ပြီး ဘုရားသခင်ကိုသိ၏။