5. ကိုယ်တော်သည် အပြစ်များကိုယူဆောင်သွားရန် ပေါ်ထွန်းတော်မူခဲ့ကြောင်း သင်တို့သိကြ၏။ ကိုယ်တော်၌ကား မည်သည့်အပြစ်မျှမရှိ။
6. ကိုယ်တော်၌တည်နေသောသူတိုင်းသည် အပြစ်ပြုနေခြင်းမရှိ။ အပြစ်ပြုနေသောသူတိုင်းသည် ကိုယ်တော်ကိုမသိမမြင်ဖူးချေ။
7. သားသမီးတို့၊ သင်တို့ကို မည်သူမျှ မလှည့်ဖြားစေနှင့်။ ကိုယ်တော်သည် ဖြောင့်မတ်တော်မူသည့်နည်းတူ ဖြောင့်မတ်ခြင်းတရားကိုကျင့်သုံးသောသူသည် ဖြောင့်မတ်၏။
8. အပြစ်ကိုပြုနေသောသူသည် မာရ်နတ်နှင့်စပ်ဆိုင်သောသူဖြစ်၏။ အကြောင်းမူကား မာရ်နတ်သည် အစအဦးကပင် အပြစ်ပြုလျက်ရှိ၏။ ဘုရားသခင်၏သားတော်ပေါ်ထွန်းတော်မူခဲ့သည်မှာ မာရ်နတ်၏လုပ်ဆောင်မှုတို့ကို ပယ်ဖျက်ရန်အတွက်ဖြစ်၏။
9. ဘုရားသခင်ထံမှပေါက်ဖွားလာသောသူ မည်သူ၌မဆို ဘုရားသခင်၏မျိုးစေ့တည်နေသည်ဖြစ်၍ ထိုသူသည် အပြစ်ကိုပြုနေခြင်းမရှိ။ သူသည် ဘုရားသခင်ထံမှပေါက်ဖွားလာသောကြောင့် အပြစ်ကိုဆက်၍မပြုနိုင်။
10. ဖြောင့်မတ်ခြင်းတရားကိုမကျင့်သုံးသောသူတိုင်းသည် ဘုရားသခင်နှင့်မစပ်ဆိုင်။ မိမိညီအစ်ကိုကိုမချစ်သောသူသည်လည်း ဘုရားသခင်နှင့်မစပ်ဆိုင်။ ဤသို့သောအားဖြင့် ဘုရားသခင်၏သားသမီးများနှင့် မာရ်နတ်၏သားသမီးများကို ခွဲခြားသိရှိနိုင်၏။
11. ငါတို့သည် အချင်းချင်းချစ်ကြရမည်ဟူသော ဤသတင်းစကားသည် အစအဦးကပင် သင်တို့ကြားနာရသောသတင်းစကားဖြစ်၏။
12. မာရ်နတ်နှင့်စပ်ဆိုင်သောသူဖြစ်ပြီး မိမိ၏ညီကိုသတ်သောကာဣနကဲ့သို့ မဖြစ်ကြနှင့်။ အဘယ်ကြောင့် ညီကိုသတ်သနည်းဟူမူကား သူ၏လုပ်ဆောင်မှုသည် ဆိုးညစ်၍ သူ့ညီ၏လုပ်ဆောင်မှုသည် ဖြောင့်မတ်သောကြောင့်ဖြစ်၏။
13. ညီအစ်ကိုတို့၊ လောကီသားတို့သည် သင်တို့ကိုမုန်းလျှင် မအံ့ဩကြနှင့်။