12. မာရ်နတ်နှင့်စပ်ဆိုင်သောသူဖြစ်ပြီး မိမိ၏ညီကိုသတ်သောကာဣနကဲ့သို့ မဖြစ်ကြနှင့်။ အဘယ်ကြောင့် ညီကိုသတ်သနည်းဟူမူကား သူ၏လုပ်ဆောင်မှုသည် ဆိုးညစ်၍ သူ့ညီ၏လုပ်ဆောင်မှုသည် ဖြောင့်မတ်သောကြောင့်ဖြစ်၏။
13. ညီအစ်ကိုတို့၊ လောကီသားတို့သည် သင်တို့ကိုမုန်းလျှင် မအံ့ဩကြနှင့်။
14. ငါတို့သည် ညီအစ်ကိုတို့ကို ချစ်ကြသောကြောင့် သေခြင်းမှအသက်ရှင်ခြင်းသို့ ကူးပြောင်းပြီဖြစ်ကြောင်း ငါတို့သိကြ၏။ မချစ်သောသူမူကား သေခြင်း၌တည်၏။
15. မိမိညီအစ်ကိုကိုမုန်းသောသူတိုင်းသည် လူသတ်သမားဖြစ်၏။ မည်သည့်လူသတ်သမား၌မျှ ထာဝရအသက်မတည်ကြောင်းကိုလည်း သင်တို့သိကြ၏။
16. ခရစ်တော်သည် ငါတို့အတွက် မိမိအသက်ကိုစွန့်တော်မူသောကြောင့် ငါတို့သည် ထိုအမှုအရာအားဖြင့် ချစ်ခြင်းမေတ္တာကိုသိကြရပြီ။ ငါတို့သည်လည်း ညီအစ်ကိုချင်းတို့အတွက် အသက်ကိုစွန့်သင့်၏။
17. တစ်စုံတစ်ဦးသည် လောကီစည်းစိမ်ရှိလျက်နှင့် မိမိညီအစ်ကိုဆင်းရဲချို့တဲ့နေသည်ကိုမြင်၍ မိမိ၏ကြင်နာစိတ်ကိုချုပ်တည်းထားလျှင် ဘုရားသခင်၏ချစ်ခြင်းမေတ္တာသည် ထိုသူ၌ မည်သို့တည်မည်နည်း။
18. သားသမီးတို့၊ ငါတို့သည် စကားနှင့် နှုတ်အားဖြင့်သာမဟုတ်ဘဲ လုပ်ဆောင်မှုနှင့် သမ္မာတရားတို့အားဖြင့် ချစ်ကြကုန်စို့။
19. ဤသို့ဖြင့် ငါတို့သည် သမ္မာတရားနှင့်စပ်ဆိုင်သောသူဖြစ်ကြောင်းကိုသိကြ၍ ဘုရားသခင်ရှေ့တော်၌ ငါတို့၏စိတ်နှလုံးကို ငြိမ်သက်စွာရှိစေကြလိမ့်မည်။
20. ငါတို့၏စိတ်နှလုံးသည် ငါတို့ကိုအပြစ်တင်ခဲ့လျှင်လည်း ဘုရားသခင်သည် ငါတို့၏စိတ်နှလုံးထက် ကြီးမြတ်တော်မူသည်ဖြစ်၍ အလုံးစုံတို့ကိုသိတော်မူ၏။
21. ချစ်ရသောသူတို့၊ ငါတို့၏စိတ်နှလုံးသည် ငါတို့ကိုအပြစ်မတင်လျှင် ငါတို့သည် ဘုရားသခင်ရှေ့တော်၌ ယုံကြည်စိတ်ချမှုရှိကြပြီး
22. တောင်းလျှောက်သမျှတို့ကို ကိုယ်တော်ထံမှရကြ၏။ အဘယ်ကြောင့်ဆိုသော် ငါတို့သည် ကိုယ်တော်၏ပညတ်တော်တို့ကိုစောင့်ထိန်း၍ ရှေ့တော်၌ နှစ်သက်တော်မူသောအရာများကို ပြုကြသောကြောင့်ဖြစ်၏။
23. ကိုယ်တော်၏ပညတ်တော်ကား သားတော်ယေရှုခရစ်တော်၏နာမတော်ကိုယုံကြည်၍ ငါတို့အားပေးထားသည့်ပညတ်တော်အတိုင်း အချင်းချင်းချစ်ကြရန်ဖြစ်၏။