17. လောကနှင့်လောကီတပ်မက်ခြင်းတို့သည် ရွေ့လျားကွယ်ပျောက်သွားမည်။ ဘုရားသခင်၏အလိုတော်ကိုဆောင်ရွက်သောသူမူကား ကာလအစဉ်အဆက်တည်၏။
18. သားသမီးတို့၊ ယခုကာလသည် နောက်ဆုံးသောကာလဖြစ်၏။ ခရစ်တော်ကိုဆန့်ကျင်အန်တုသူရောက်လာတော့မည်ဟု သင်တို့ကြားရသည့်အတိုင်း ယခုပင် ခရစ်တော်ကိုဆန့်ကျင်အန်တုသူအမြောက်အမြားပေါ်လာကြပြီ။ ထို့ကြောင့် ယခုကာလသည် နောက်ဆုံးသောကာလဖြစ်သည်ကို ငါတို့သိကြ၏။
19. ထိုသူတို့သည် ငါတို့ထံမှ ထွက်သွားကြ၏။ သို့သော် သူတို့သည် ငါတို့နှင့်စပ်ဆိုင်သူမဟုတ်။ ငါတို့နှင့်စပ်ဆိုင်သူမှန်လျှင် ငါတို့နှင့်အတူနေခဲ့ကြပေလိမ့်မည်။ သို့ရာတွင် သူတို့ထွက်သွားကြသည်မှာ သူတို့အားလုံး ငါတို့နှင့်စပ်ဆိုင်သူမဟုတ်ကြောင်း ပေါ်လွင်ထင်ရှားစေရန်ဖြစ်၏။
20. သင်တို့မူကား သန့်ရှင်းတော်မူသောအရှင်ထံမှ ဘိသိက်ကျေးဇူးကို ခံစားရသည်ဖြစ်၍ ခပ်သိမ်းသောအရာတို့ကိုသိကြ၏။
21. သင်တို့သည် သမ္မာတရားကိုမသိကြသောကြောင့် မဟုတ်ဘဲ သမ္မာတရားကိုလည်းကောင်း၊ လိမ်လည်ခြင်းရှိသမျှတို့သည် သမ္မာတရားနှင့်မစပ်ဆိုင်သည်ကိုလည်းကောင်း သင်တို့သိကြသောကြောင့် သင်တို့ထံ ငါရေးလိုက်ခြင်းဖြစ်၏။
22. လိမ်လည်သောသူကား မည်သူနည်း။ ယေရှုသည် ခရစ်တော်ဖြစ်ကြောင်း ငြင်းပယ်သောသူမဟုတ်လော။ ခမည်းတော်နှင့်သားတော်ကို ငြင်းပယ်သောသူသည် ခရစ်တော်ကိုဆန့်ကျင်အန်တုသူဖြစ်၏။
23. သားတော်ကိုငြင်းပယ်သောသူရှိသမျှတို့သည် ခမည်းတော်ကိုမရ။ သားတော်ကိုဝန်ခံသောသူသည် ခမည်းတော်ကိုရ၏။
24. အစအဦးကပင် သင်တို့ကြားနာခဲ့သောအရာကို သင်တို့၌တည်စေကြလော့။ ထိုသို့ အစအဦးကပင် သင်တို့ကြားနာခဲ့သောအရာသည် သင်တို့၌တည်လျှင် သင်တို့သည်လည်း သားတော်၌လည်းကောင်း၊ ခမည်းတော်၌လည်းကောင်း တည်ကြလိမ့်မည်။
25. ဤသည်ကား ငါတို့အား ကိုယ်တော်ပေးတော်မူသည့် ကတိတော်တည်းဟူသော ထာဝရအသက်ဖြစ်၏။
26. သင်တို့ကိုလှည့်ဖြားသောသူတို့နှင့်ပတ်သက်၍ ဤအကြောင်းအရာများကို သင်တို့ထံ ငါရေးလိုက်ခြင်းဖြစ်၏။
27. သင်တို့မူကား ကိုယ်တော်ထံမှခံစားရသောဘိသိက်ကျေးဇူးသည် သင်တို့၌တည်ရှိသည်ဖြစ်၍ မည်သူကမျှ သင်တို့ကိုသင်ပေးရန် မလိုအပ်ပေ။ ထိုဘိသိက်ကျေးဇူးသည် မှန်ကန်၍ လိမ်လည်ခြင်းကင်းလျက် အရာခပ်သိမ်းတို့ကို သင်တို့အား သင်ပေးတော်မူသည်ဖြစ်၍ သင်တို့အား သင်ပေးတော်မူသည့်အတိုင်း ကိုယ်တော်၌တည်နေကြလော့။