14. သားသမီးတို့၊ သင်တို့သည် ခမည်းတော်ကို သိကြသောကြောင့် သင်တို့ထံ ငါရေးလိုက်၏။ ဖခင်တို့၊ သင်တို့သည် အစအဦးကပင်ရှိတော်မူသောအရှင်ကို သိကြသောကြောင့် သင်တို့ထံ ငါရေးလိုက်၏။ လူငယ်လူရွယ်တို့၊ သင်တို့သည် ခွန်အားနှင့်ပြည့်စုံ၍ ဘုရားသခင်၏နှုတ်ကပတ်တော်သည် သင်တို့၌တည်သဖြင့် မကောင်းသောအရာကို သင်တို့အောင်နိုင်ခဲ့ကြသောကြောင့် သင်တို့ထံ ငါရေးလိုက်၏။
15. လောကကိုလည်းကောင်း၊ လောက၌ရှိသောအရာတို့ကိုလည်းကောင်း မချစ်ကြနှင့်။ မည်သူမဆို လောကကိုချစ်လျှင် ခမည်းတော်၏ချစ်ခြင်းမေတ္တာသည် ထိုသူ၌မရှိ။
16. အကြောင်းမူကား လောက၌ရှိသမျှသောအရာတည်းဟူသော ကိုယ်ကာယ၏တပ်မက်ခြင်း၊ မျက်စိ၏တပ်မက်ခြင်း၊ စည်းစိမ်၌ကြွားဝါခြင်းတို့သည် ခမည်းတော်နှင့်မစပ်ဆိုင်။ လောကနှင့်သာစပ်ဆိုင်၏။
17. လောကနှင့်လောကီတပ်မက်ခြင်းတို့သည် ရွေ့လျားကွယ်ပျောက်သွားမည်။ ဘုရားသခင်၏အလိုတော်ကိုဆောင်ရွက်သောသူမူကား ကာလအစဉ်အဆက်တည်၏။
18. သားသမီးတို့၊ ယခုကာလသည် နောက်ဆုံးသောကာလဖြစ်၏။ ခရစ်တော်ကိုဆန့်ကျင်အန်တုသူရောက်လာတော့မည်ဟု သင်တို့ကြားရသည့်အတိုင်း ယခုပင် ခရစ်တော်ကိုဆန့်ကျင်အန်တုသူအမြောက်အမြားပေါ်လာကြပြီ။ ထို့ကြောင့် ယခုကာလသည် နောက်ဆုံးသောကာလဖြစ်သည်ကို ငါတို့သိကြ၏။
19. ထိုသူတို့သည် ငါတို့ထံမှ ထွက်သွားကြ၏။ သို့သော် သူတို့သည် ငါတို့နှင့်စပ်ဆိုင်သူမဟုတ်။ ငါတို့နှင့်စပ်ဆိုင်သူမှန်လျှင် ငါတို့နှင့်အတူနေခဲ့ကြပေလိမ့်မည်။ သို့ရာတွင် သူတို့ထွက်သွားကြသည်မှာ သူတို့အားလုံး ငါတို့နှင့်စပ်ဆိုင်သူမဟုတ်ကြောင်း ပေါ်လွင်ထင်ရှားစေရန်ဖြစ်၏။
20. သင်တို့မူကား သန့်ရှင်းတော်မူသောအရှင်ထံမှ ဘိသိက်ကျေးဇူးကို ခံစားရသည်ဖြစ်၍ ခပ်သိမ်းသောအရာတို့ကိုသိကြ၏။
21. သင်တို့သည် သမ္မာတရားကိုမသိကြသောကြောင့် မဟုတ်ဘဲ သမ္မာတရားကိုလည်းကောင်း၊ လိမ်လည်ခြင်းရှိသမျှတို့သည် သမ္မာတရားနှင့်မစပ်ဆိုင်သည်ကိုလည်းကောင်း သင်တို့သိကြသောကြောင့် သင်တို့ထံ ငါရေးလိုက်ခြင်းဖြစ်၏။
22. လိမ်လည်သောသူကား မည်သူနည်း။ ယေရှုသည် ခရစ်တော်ဖြစ်ကြောင်း ငြင်းပယ်သောသူမဟုတ်လော။ ခမည်းတော်နှင့်သားတော်ကို ငြင်းပယ်သောသူသည် ခရစ်တော်ကိုဆန့်ကျင်အန်တုသူဖြစ်၏။
23. သားတော်ကိုငြင်းပယ်သောသူရှိသမျှတို့သည် ခမည်းတော်ကိုမရ။ သားတော်ကိုဝန်ခံသောသူသည် ခမည်းတော်ကိုရ၏။