1. ငါ့သားသမီးတို့၊ သင်တို့သည် အပြစ်မပြုကြစေရန် ဤအရာများကို သင်တို့ထံ ငါရေးလိုက်၏။ တစ်စုံတစ်ယောက်သည် အပြစ်ပြုမိခဲ့လျှင် ခမည်းတော်ထံ၌ ကူညီဖြေရှင်းပေးသူတည်းဟူသော ဖြောင့်မတ်သည့်အရှင်ယေရှုခရစ်တော်သည် ငါတို့အတွက်ရှိ၏။
2. ထိုအရှင်သည် ငါတို့အပြစ်များအတွက် အသနားခံခြင်းပူဇော်သက္ကာဖြစ်တော်မူ၏။ ငါတို့အပြစ်များအတွက်သာမက လောကီသားအပေါင်းတို့၏အပြစ်များအတွက်လည်း ဖြစ်တော်မူ၏။
3. ငါတို့သည် ကိုယ်တော်၏ပညတ်တော်တို့ကို လိုက်နာစောင့်ထိန်းလျှင် ထိုအမှုအရာအားဖြင့် ကိုယ်တော်အား ငါတို့သိကျွမ်းသည်ကိုသိကြ၏။
4. ကိုယ်တော်ကို ငါသိကျွမ်း၏ဟုဆိုလျက် ကိုယ်တော်၏ပညတ်တော်တို့ကို လိုက်နာစောင့်ထိန်းခြင်းမရှိသောသူသည် လိမ်လည်သောသူဖြစ်၍ သမ္မာတရားသည် ထိုသူ၌မရှိ။
5. သို့ရာတွင် မည်သူမဆို ကိုယ်တော်၏စကားကို လိုက်နာစောင့်ထိန်းလျှင် ဘုရားသခင်၏ချစ်ခြင်းမေတ္တာတော်သည် ထိုသူ၌ အမှန်ပင်ပြည့်စုံ၏။ ဤသို့ဖြင့် ငါတို့သည် ကိုယ်တော်၌ရှိသည်ကို သိကြ၏။
6. ကိုယ်တော်၌ ငါတည်၏ဟုဆိုသောသူသည် ကိုယ်တော်အသက်ရှင်လျှောက်လှမ်းတော်မူခဲ့သည့်အတိုင်း အသက်ရှင်လျှောက်လှမ်းရမည်။
7. ချစ်ရသောသူတို့၊ သင်တို့ထံ ငါရေးလိုက်သောပညတ်သည် ပညတ်သစ်မဟုတ်။ အစအဦးကပင် သင်တို့၌ရှိသော ပညတ်ဟောင်းသာဖြစ်၏။ ထိုပညတ်ဟောင်းသည် သင်တို့ကြားခဲ့ရသော နှုတ်ကပတ်တော်ဖြစ်၏။
8. တစ်ဖန် ကိုယ်တော်၌လည်းကောင်း၊ သင်တို့၌လည်းကောင်း မှန်ကန်သောပညတ်သစ်ကို သင်တို့ထံသို့ ငါရေးလိုက်၏။ အကြောင်းမူကား မှောင်မိုက်သည် ရွေ့လျားကွယ်ပျောက်သွား၍ စစ်မှန်သောအလင်းသည် ထွန်းတောက်ပြီဖြစ်၏။
9. ငါသည် အလင်း၌ရှိ၏ဟုဆိုလျက် မိမိညီအစ်ကိုကိုမုန်းသောသူသည် ယခုတိုင်အောင် မှောင်မိုက်၌ရှိသေး၏။
10. မိမိညီအစ်ကိုကိုချစ်သောသူသည် အလင်း၌တည်သည်ဖြစ်၍ ထိုသူ၌ မှားယွင်းစေသောအရာမရှိ။
11. မိမိညီအစ်ကိုကိုမုန်းသောသူမူကား မှောင်မိုက်၌ရှိ၍ မှောင်မိုက်၌အသက်ရှင်လျှောက်လှမ်းနေ၏။ မှောင်မိုက်သည် သူ၏မျက်စိကိုကွယ်စေသဖြင့် သူသည် မိမိမည်သည့်အရပ်သို့သွားနေသည်ကို မသိ။
12. သားသမီးတို့၊ သင်တို့သည် ကိုယ်တော်၏နာမတော်အားဖြင့် အပြစ်များခွင့်လွှတ်ခြင်းခံရပြီဖြစ်သောကြောင့် သင်တို့ထံ ငါရေးလိုက်၏။
13. ဖခင်တို့၊ သင်တို့သည် အစအဦးကပင်ရှိတော်မူသောအရှင်ကို သိကြသောကြောင့် သင်တို့ထံ ငါရေးလိုက်၏။ လူငယ်လူရွယ်တို့၊ သင်တို့သည် မကောင်းသောအရာကို အောင်နိုင်ခဲ့ကြသောကြောင့် သင်တို့ထံ ငါရေးလိုက်၏