17. ထို့ကြောင့် ဖာရိရှဲတို့သည် ထိုမျက်မမြင်အား “သင့်ကိုမျက်စိမြင်စေသောသူ၏အကြောင်းကို သင်မည်သို့ဆိုမည်နည်း”ဟု နောက်တစ်ဖန်မေးမြန်းကြလျှင် “ပရောဖက်ဖြစ်သည်”ဟု ဖြေကြားလေ၏။
18. သို့ဖြစ်လင့်ကစား ဂျူးလူမျိုးတို့သည် ယခင်က မျက်မမြင်ဖြစ်ခဲ့သော်လည်း ယခုမြင်လာပြီဟူသော ထိုသူ၏အကြောင်းကို မယုံကြသဖြင့် နောက်ဆုံးတွင် မျက်စိမြင်လာသော ထိုသူ၏မိဘတို့ကိုခေါ်၍
19. “ဤသူသည် မွေးရာပါမျက်မမြင်ဖြစ်သည်ဟု သင်တို့ဆိုသော သင်တို့၏သားမှန်သလော။ မှန်သည်ဆိုလျှင် သူသည် ယခု မည်သို့မျက်စိမြင်လာသနည်း”ဟု မေးမြန်းကြ၏။
20. မိဘတို့ကလည်း “ဤသူသည် အကျွန်ုပ်တို့၏သားမှန်သည်ကိုလည်းကောင်း၊ မွေးရာပါမျက်မမြင်ဖြစ်သည်ကိုလည်းကောင်း အကျွန်ုပ်တို့သိကြပါ၏။
21. သို့သော် ယခု မည်သို့မျက်စိမြင်လာသည်ကို အကျွန်ုပ်တို့မသိကြပါ။ သူ့ကိုမျက်စိမြင်အောင် မည်သူပြုလုပ်ပေးခဲ့သည်ကိုလည်း မသိကြပါ။ သူ့ကိုမေးကြပါလော့။ သူသည် အရွယ်ရောက်နေပါပြီ။ သူ့အကြောင်းကို သူကိုယ်တိုင်ပြောပြပါလိမ့်မည်”ဟု ပြန်ပြောကြ၏။
22. သူ၏မိဘတို့သည် ဂျူးလူမျိုးတို့ကိုကြောက်၍ ဤသို့ပြောဆိုကြခြင်းဖြစ်၏။ အကြောင်းမူကား ဂျူးလူမျိုးတို့သည် မည်သူမဆို ယေရှုကို ခရစ်တော်ဖြစ်ကြောင်းဝန်ခံလျှင် ဝတ်ပြုစည်းဝေးကျောင်းမှ ထုတ်ပယ်မည်ဟု သဘောတူဆုံးဖြတ်ထားသောကြောင့်ဖြစ်၏။
23. ထိုအကြောင်းကြောင့် သူ၏မိဘတို့က “သူသည် အရွယ်ရောက်နေပါပြီ။ သူ့ကိုမေးကြပါလော့”ဟု ဆိုကြခြင်းဖြစ်၏။
24. ထိုအခါ ဂျူးလူမျိုးတို့သည် မျက်မမြင်ဖြစ်ခဲ့သူကို ဒုတိယအကြိမ်ခေါ်၍ “ဘုရားသခင်၏ဘုန်းတော်ကိုချီးမွမ်းလော့။ ထိုသူသည် အပြစ်သားဖြစ်ကြောင်းကို ငါတို့သိ၏”ဟု ဆိုကြ၏။