ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 8:12-30 Myanmar Standard Bible (MSB)

12. တစ်​ဖန် ယေ​ရှု​သည် လူ​တို့​အား​မြွက်​ဆို​တော်​မူ​၍ “ငါ​သည် ဤ​လော​က​၏​အ​လင်း​ဖြစ်​၏။ ငါ့​နောက်​သို့​လိုက်​သော​သူ​သည် မည်​သည့်​အ​ခါ​မျှ မှောင်​မိုက်​၌​သွား​လာ​ခြင်း​မ​ရှိ​ဘဲ အ​သက်​၏​အ​လင်း​ကို​ရ​ရှိ​မည်”​ဟု မိန့်​တော်​မူ​၏။

13. ထို​အ​ခါ ဖာ​ရိ​ရှဲ​တို့​က “သင်​သည် ကိုယ့်​အ​ကြောင်း​ကို​သက်​သေ​ခံ​နေ​၏။ သင်​၏​သက်​သေ​ခံ​ချက်​သည် မှန်​ကန်​မှု​မ​ရှိ”​ဟု ဆို​ကြ​၏။

14. ယေ​ရှု​က​လည်း “ငါ​သည် ကိုယ့်​အ​ကြောင်း​ကို​သက်​သေ​ခံ​သော်​လည်း ငါ​၏​သက်​သေ​ခံ​ချက်​သည် မှန်​ကန်​၏။ အ​ကြောင်း​မူ​ကား ငါ​သည် မည်​သည့်​အ​ရပ်​မှ​လာ​၍ မည်​သည့်​အ​ရပ်​သို့​သွား​မည်​ကို ငါ​သိ​၏။ သင်​တို့​မူ​ကား ငါ​မည်​သည့်​အ​ရပ်​မှ​လာ​၍ မည်​သည့်​အ​ရပ်​သို့​သွား​မည်​ကို​မ​သိ​ကြ။

15. သင်​တို့​သည် လူ့​စံ​နှုန်း​အ​တိုင်း စီ​ရင်​တတ်​ကြ​၏။ ငါ​မူ​ကား မည်​သူ့​ကို​မျှ​မ​စီ​ရင်။

16. သို့​သော် ငါ​စီ​ရင်​မည်​ဆို​လျှင်​လည်း ငါ​တစ်​ဦး​တည်း​စီ​ရင်​သည်​မ​ဟုတ်။ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​ခ​မည်း​တော်​သည် ငါ​နှင့်​အ​တူ​စီ​ရင်​တော်​မူ​သည်​ဖြစ်​၍ ငါ​၏​စီ​ရင်​ဆုံး​ဖြတ်​ချက်​သည် မှန်​ကန်​၏။

17. သင်​တို့​၏​ပ​ညတ်​တ​ရား​ကျမ်း​၌​လည်း ‘သက်​သေ​နှစ်​ဦး​ထွက်​ဆို​သည့်​သက်​သေ​ခံ​ချက်​သည် အ​မှန်​ဖြစ်​၏’​ဟု ရေး​ထား​၏။

18. ငါ​သည် ကိုယ့်​အ​ကြောင်း​ကို​သက်​သေ​ခံ​သော​သူ​ဖြစ်​၏။ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​ခ​မည်း​တော်​သည်​လည်း ငါ့​အ​ကြောင်း​ကို သက်​သေ​ခံ​တော်​မူ​၏”​ဟု ပြန်​၍​မိန့်​တော်​မူ​၏။

19. ထို​သူ​တို့​က​လည်း “သင်​၏​ခ​မည်း​တော်​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း”​ဟု မေး​ကြ​သော် ယေ​ရှု​က “သင်​တို့​သည် ငါ့​ကို​လည်း​ကောင်း၊ ငါ့​ခ​မည်း​တော်​ကို​လည်း​ကောင်း မ​သိ​ကြ။ သင်​တို့​သည် ငါ့​ကို​သိ​ခဲ့​လျှင် ငါ့​ခ​မည်း​တော်​ကို​လည်း သိ​ခဲ့​ကြ​ပေ​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။

20. ကိုယ်​တော်​သည် ဗိ​မာန်​တော်​၌​သွန်​သင်​တော်​မူ​စဉ် ဤ​စ​ကား​တို့​ကို အ​လှူ​ခံ​သေတ္တာ​အ​နီး​တွင် မိန့်​တော်​မူ​၏။ သို့​ရာ​တွင် ကိုယ်​တော်​၏​အ​ချိန်​မ​ရောက်​သေး​သော​ကြောင့် မည်​သူ​မျှ ကိုယ်​တော်​ကို​မ​ဖမ်း​ဆီး​ကြ​ချေ။

21. တစ်​ဖန် ကိုယ်​တော်​က “ငါ​သည်​သွား​ရ​တော့​မည်။ သင်​တို့​ကား ငါ့​ကို​ရှာ​လျက် ကိုယ့်​အ​ပြစ်​၌​သေ​ကြ​လိမ့်​မည်။ ငါ​သွား​ရာ​အ​ရပ်​သို့ သင်​တို့​မ​လာ​နိုင်​ကြ”​ဟု မိန့်​တော်​မူ​၏။

22. ထို​အ​ခါ ဂျူး​လူ​မျိုး​တို့​က “သူ​သည် ‘ငါ​သွား​ရာ​အ​ရပ်​သို့ သင်​တို့​မ​လာ​နိုင်​ကြ’​ဟု​ဆို​ခြင်း​မှာ သူ့​ကိုယ်​သူ သတ်​သေ​လိမ့်​မည်​လော”​ဟု ပြော​ဆို​ကြ​၏။

23. ယေ​ရှု​က​လည်း “သင်​တို့​သည် အောက်​အ​ရပ်​နှင့်​ဆိုင်​၏။ ငါ​မူ​ကား အ​ထက်​အ​ရပ်​နှင့်​ဆိုင်​၏။ သင်​တို့​သည် ဤ​လော​က​နှင့်​ဆိုင်​၏။ ငါ​မူ​ကား ဤ​လော​က​နှင့်​မ​ဆိုင်။

24. ထို့​ကြောင့် သင်​တို့​သည် မိ​မိ​တို့​အ​ပြစ်​များ​၌​သေ​ကြ​လိမ့်​မည်​ဟု ငါ​ဆို​ခဲ့​၏။ အ​ကြောင်း​မူ​ကား ငါ​သည် ထို​အ​ရှင်​ဖြစ်​ကြောင်း​ကို သင်​တို့​မ​ယုံ​ကြည်​လျှင် သင်​တို့​သည် မိ​မိ​တို့​အ​ပြစ်​များ​၌ သေ​ကြ​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။

25. ထို​သူ​တို့​က​လည်း “သင်​သည် မည်​သူ​ဖြစ်​သ​နည်း”​ဟု မေး​ကြ​လျှင် ယေ​ရှု​က “ငါ​မည်​သူ​ဖြစ်​သည်​ကို အ​စ​အ​ဦး​က​ပင် သင်​တို့​အား ငါ​ပြော​လာ​ခဲ့​၏။

26. သင်​တို့​နှင့်​ပတ်​သက်​၍ ငါ​ပြော​စ​ရာ၊ စီ​ရင်​စ​ရာ​များ​စွာ​ရှိ​၏။ သို့​သော် ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​အ​ရှင်​သည် ဖြောင့်​မှန်​တော်​မူ​သည်​ဖြစ်​၍ ငါ​သည် သူ့​ထံ​မှ​ကြား​ခဲ့​သ​မျှ​သော​အ​ရာ​တို့​ကို ဤ​လော​က​၌ ဟော​ပြော​၏”​ဟု မိန့်​တော်​မူ​၏။

27. ကိုယ်​တော်​သည် ခ​မည်း​တော်​ကို​ရည်​ညွှန်း​၍ မြွက်​ဆို​လျက်​နေ​ကြောင်း​ကို ထို​သူ​တို့​သ​ဘော​မ​ပေါက်​ကြ။

28. သို့​ဖြစ်​၍ ယေ​ရှု​က “သင်​တို့​သည် လူ့​သား​ကို​မြှောက်​ထား​ကြ​သော​အ​ခါ​မှ ငါ​သည် ထို​အ​ရှင်​ဖြစ်​ကြောင်း​ကို​လည်း​ကောင်း၊ ငါ​သည် ကိုယ့်​ဆန္ဒ​အ​လျောက် မည်​သည့်​အ​ရာ​ကို​မျှ​မ​ပြု​ဘဲ ငါ့​အား ခ​မည်း​တော်​သွန်​သင်​တော်​မူ​ခဲ့​သည့်​အ​တိုင်း ဤ​အ​ရာ​များ​ကို ငါ​ဟော​ပြော​ကြောင်း​ကို​လည်း​ကောင်း သိ​ကြ​လိမ့်​မည်။

29. ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​အ​ရှင်​သည် ငါ​နှင့်​အ​တူ​ရှိ​၍ ငါ​သည် ထို​အ​ရှင်​နှစ်​သက်​တော်​မူ​သော​အ​မှု​အ​ရာ​တို့​ကို အ​စဉ်​ပြု​နေ​သော​ကြောင့် သူ​သည် ငါ့​ကို တစ်​ကိုယ်​တည်း​ပစ်​ထား​တော်​မ​မူ”​ဟု မိန့်​တော်​မူ​၏။

30. ဤ​စ​ကား​တော်​တို့​ကို​မိန့်​တော်​မူ​စဉ် များ​စွာ​သော​လူ​တို့​သည် ကိုယ်​တော်​ကို​ယုံ​ကြည်​ကြ​၏။

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 8